ဇူလိုင်၊၃
တနိုင်းမြို့၊ ကင်ဆားရ်ရာ မြို့ပတ်လမ်းဘက်မှာရှိတဲ့ ငွေပျော်ရွာသစ်က ရေဘေးသင့် စစ်ရှောင်ပြည်သူတွေဟာ တနိုင်းမြို့ပေါ်က အသင်းတော် ဘုရားကျောင်းဝင်းတွေမှာ သွားရောက် ခိုလှုံနေရတယ်လို့ သိရပါတယ်။
မိုးများပြီး ချောင်းရေမြင့်တက်လာတာကြောင့် ငွေပျော်ကျေးရွာက နေအိမ်တွေမှာ ရေတွေ ဝင်ရောက်လာပြီး နေထိုင်လို့မရတော့တဲ့အတွက် မနေ့ကတည်းကနေ မြို့ပေါ်ကို တိမ်းရှောင် သွားရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အောက်ဘက်မှာရေတွေမြုပ်ပြီး အိမ်ပေါ်မှာ ရေရောက်တယ်။ဒီတစ်ခေါက်က ရေတအား ကြီးတယ်။အရင်နေခဲ့တဲ့ ဘုရားကျောင်းဝင်းကမ့်မှာပဲ သွားနေနေတာ။ အခုတော့ ရေအိုင် နေတယ်။” လို့ ဆိုပါတယ်။
ရေးဘေးသင့် ငွေပျော်ကျေးရွာက KBC စစ်ရှောင်အိမ်ထောင်စု ၄၆ စုနဲ့ RC စစ်ရှောင်အိမ်ထောင်စု ၃၀ စုဟာ လတ်တလောမှာတော့ သက်ဆိုင်ရာ အသင်းတော်ရဲ့ ဘုရားကျောင်းဝင်းမှာ ပြန်လည်ခိုလှုံနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ ညနေပိုင်းလောက်ကနေ မြင့်တက်လာတဲ့ ရေဟာ ဒီကနေ့မှာတော့ အနည်းငယ်ပြန်ကျသွားပေမဲ့ ငွေပျော်ရွာသစ်ဘက်မှာသာမက မိုင်းခွန်နဲ့ တနိုင်းချောင်း တစ်ဖက်ကမ်းဘက်မှာလည်း ရေတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် ရေဘေးဒဏ်သင့်တဲ့ပြည်သူတွေမှာ အကူအညီတွေ အများအပြား လိုအပ်နေပြီးတော့ လက်လုပ်လက်စား ပြည်သူတွေ စားဝတ်နေရေး ပိုပြီးခက်ခဲနေတယ်လို့ တနိုင်းမြို့ခံတစ်ဦးကလည်း အခုလို ပြောပါတယ်။
“ရေက ကျတော့ကျပေမဲ့ ပုံမှန် မဟုတ်သေးဘူး။ နဂိုကတည်းက လက်လုပ်လက်စားပြည်သူ တွေကတော့ အလုပ်နားတာနဲ့ စားဝတ်နေရေးပြဿနာကဖြစ်လာတော့ ခက်ခဲတာပေါ့။ စားဖို့ သောက်ဖို့နဲ့ လုပ်ငန်းပြန်စဖို့ကတော့ တော်တော်ခက်ပြီ။” လို့ ဆိုပါတယ်။
တနိုင်းချောင်းရေနဲ့ နမ်ဗျူချောင်းရေ နှစ်ခုလုံး ရေတက်ပြီး မြို့ပေါ်ရပ်ကွက်တွေထိ ရေဝင်ရောက်လာတာကြောင့် တနိုင်းမြို့က စာသင်ကျောင်းတွေလည်း ဒီအပတ်ကုန်အထိ ပိတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေလည်း ရရှိဖို့ ခက်နေပြီး လမ်းဘေးမှာ တစ်ဗူး( ၁လီတာခန့်အပါ) တစ်သောင်းနဲ့ ရောင်းချတဲ့ နေရာကပဲ ဝယ်ယူရသလို ဟင်းသီးဟင်းရွက်တွေကအစ ကုန်ဈေးတွေလည်း မြင့်တက်နေတယ် လို့ သိရပါတယ်။
တနိုင်းမြို့ပတ်လည်မှာ ဒီနှစ် ရေကြီးမှုဟာ အရင်နှစ်ကထက် ရေပိုများပြီးတော့ အရင်နှစ်တွေက ရေမရောက်တဲ့နေရာတွေမှာပါ ရေဝင်ရောက်လာတာကြောင့် ရေဘေးသင့် ဒေသခံတွေရဲ့ ပစ္စည်းဆုံးရှုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။