မေ၊၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်မှ ယမန်နေ့မှ စပြီး လမ်းပိတ်ထားသောကြောင့် ယာဉ်အများအပြား ဖြတ်သန်းရန် စောင့်ဆိုင်းနေရကြောင်း သိရသည်။
မြစ်ကြီးနား- ပူတာအိုဘက်သို့ တက်လာသူများနှင့် ဆင်းလာသည့် ယာဉ်အများအပြား တန်ဂျာကျေးရွာတွင် ယနေ့မနက်အထိ စောင့်ဆိုင်းနေရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
” စစ်ကောင်စီတပ်သားတွေ လမ်းပိတ်ထားလို့ ခရီးသွားပြည်သူတွေ အခက်အခဲ ဖြစ်နေကြတယ်။ တက်လာတဲ့ကားတွေရော၊ ဆင်းလာတဲ့ ကားတွေရောပဲ။ မနေ့ကနေ ဟုတ်တယ်။ တက်လာတဲ့ကားကိုပဲ အစီး(၅၀)လောက် ရှိမယ်။ ကုန်စိမ်းသယ်တဲ့ သူတွေလည်း အရမ်း အခက်တွေ့နေကြတယ်”ဟု ၎င်းက ဆိုသည်။
ယင်း စစ်သားများသည် ဆွမ်ပရာဘွမ်မြို့နယ်မှ ပူတာအိုဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာလာသည့် စစ်ကား(၈၀)စီးနှင့် လူအင်အား(၃၀၀)ဝန်းကျင်မှ စစ်သားအချို့ ကျန်ရစ်ခဲ့သူများ ဖြစ်နိုင်ကြောင်းလည်း သိရသည်။







