မေလ ၁၂
တပ်မတော်မှ ပစ်ခတ်ခိုက်တိုက်မှုကို ငြိမ်းချမ်းရေးအတွက် မေလ (၁၀) ရက်နေ့မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ရပ်စဲထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ (၉) ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် အပစ်ရပ်စဲထားကြောင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး အနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ချက်အနက် (၄)ချက်ကို အလေးအနက်ထား လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ဖော်ပြပါ အချက်များမှာ(က) သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်။ (ခ)ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ်အမြတ်မထုတ်ရန်။ (ဂ)ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။ (ဃ)နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် စသည့်အချက်များ ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အင်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရေးသားထားသည်။
အလားတူ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကိုလည်းကောင်း၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားရေးများကို လည်းကောင်း ထိခိုက်မှုမဖြစ်စေရန် တာဝန်ယူရပါမည်ဖြစ်ပြီး၊ အထက်ပါ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ထည့်သွင်း ရေးသားထားသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမည်ဟူသည့် သံန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းစဉ်များအား နိုင်ငံရေး၊အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ပါဝင်ကူညီဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကမ္ဘာ့အနှံ့တွင် ဖြစ်ပွားနေသော Covid-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က မတ်လ (၂၃)ရက်နေ့တွင် တိုက်တွန်း ပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Salai