မတ်လ ၃၀
တရုတ်နယ်စပ်ဒေသရှိ ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့ကို အဝင်အထွက် ပိတ်ပင်မှု မပြုလုပ်သေးကြောင်း ကေအိုင်အို/ကေအိုင်အေ မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လိုင်ဇာမြို့အဝင်၊အထွက် ပိတ်ပင်မှုမပြုလုပ်သေး သော်လည်း COVID-19 ကြိုတင်ကာကွယ်ရန်အတွက် ကော်မတီဖွဲ့စည်းပြီး နယ်စပ်ဂိတ်များတွင် ကိုယ်ပူချိန်တိုင်းတာပေးခြင်းတို့ကို နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
” သံသယလူနာက မတွေ့သေးဘူး။ လိုင်ဇာမြို့အဝင်အထွက်ကို လိုအပ်လာရင် ပိတ်လိုက်ရပါမယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ပိတ်လိုက်တဲ့အထိတော့ မလုပ်ရသေးဘူး ။ ခုအချိန်မှာ ဝင်ထွက်သွားလာလို့ရသေးသော်လည်း မနက်ဖြန် တဘက်ခါမှာတော့ ဘယ်လိုရှိလာနိုင်မလဲဆိုတာကို မသိသေးပါဘူး။” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် အထူးကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်းနှင့် COVID-19 ရောဂါကာကွယ် တားဆီးရေး ကော်မတီဖွဲ့စည်းထားပြီးဖြစ်သည့် ဌာနဆိုင်ရာဗဟိုရုံးများ၊ သက်ဆိုင်ရာဌာနများအနေဖြင့် အောက်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်လည်း COVID-19 ရောဂါကာကွယ်တာဆီးရေးကော်မတီမှ မတ်လ ၂၈ရက်နေ့ ထုတ်ပြန်ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်တွင်
- လူ ၂၀ဦးထက်ပိုပြီး စုဝေးခြင်းမပြုရ ၊ ဘုရားကျောင်းဝတ်ပြုခြင်း ယာယီရပ်ဆိုင်းခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ဘာသာရေးအသင်းအဖွဲ့များနဲ့ ဆွေးနွေးတိုင်ပင်ယူရန်။
- အသုဘလုပ်ခြင်းကို ၂၄နာရီအတွင်း လုပ်ရန် နှင့် မည်သည့်ရောဂါကြောင့် သေဆုံးသည်ကို အုပ်ချုပ်ရေး နှင့် ကျန်းမာရေးဌာနမှ တိကျစွာစုံစမ်းဖော်ထုတ်ရန်။
- ကာရာအိုကေဆိုင်၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်များကို ယာယီပိတ်ထားရန်( စားသောက်ဆိုင်များတွင် အရက်သေစာ သောက်သုံးခြင်းမပြုရန်)။
- ညအချိန်ရောင်းချသည့် စားသောက်ဆိုင်များ ၊ စတိုးဆိုင်များ ည ၉နာရီအချိန်ထက်ကျော်ပြီး ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊
- ဌာနအတွင်းဖွင့်လှစ်သည့် သင်တန်းကျောင်းများတွင် လူအဝင်၊အထွက် ယာယီပိတ်ပင်ရန်
စသည့်အချက်များပါဝင်သည်။
ယင်းအချက်များကို ဧပြီလ ၃၀ရက်နေ့ထိ မပြုလုပ်ရန် သတ်မှတ်ခြင်းဖြစ်ပြီး အခြေအနေပေါ်မူတည်၍ စနစ်ပြောင်းလဲမှုများရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
မျိုးမြတ်မြတ်ပန်







