တုတ်ထိုး – ရပ်စဲသူတွေကိုရပ်စဲ၊ နုတ်ထွက်တဲ့သူက နုတ်ထွက်။ လော်ဘီလုပ်တဲ့သူတွေကလည်း သူ့ပါတီကိုယ့်ပါတီ ဆက်ပြီး လော်ဘီလုပ်နေကြ။ ကျေးဇူးရှင်တရုတ်က ထအော်၊ ပြည်တွင်းစစ်က မီးခိုးကြွက်လျှောက်၊ သစ္စာဖောက်တဲ့လူက သစ္စာဖောက်၊ အသားထဲကထွက်တဲ့ လောက်တွေကလည်း တဖွားဖွား၊ ကိုယ်တင်ပေးလိုက်တဲ့သူတွေ အသုံးမကျလို့ တက်ခေါက်တဲ့လူက တက်ခေါက်။ နောက်တစ်ခါ မဲမပေးဘူးလို့ အော်တဲ့လူကအော်။ ဒီကြားထဲနိုင်ငံတော်ကနေ ခွဲထွက်ပြီးနိုင်ငံတည်ထောင်ဖို့ တက်ကြွတဲ့ သူက တက်ကြွ။ မလုပ်မရှုပ်မပြုတ်မူနဲ့ ကိုယ့်ထိုင်ခုံမလှုပ်ဖို့ ထိုင်နေတဲ့သူကထိုင်။ တရုတ်ငှက်ပျောကိစ္စ ကလည်း တစ်ပူဖြစ်ရ။ မြစ်ဆုံစီမံကိန်းကိစ္စမှာ ဘယ်သူတွေ ဘယ်ဝါတွေ ကြိတ်ဝါးသွားပြီး ဘာတွေ သဘောတူထားခဲ့ကြတယ်ဆိုတာ ပြည်သူတွေက မသိ။ စံစရာရှိရင်”ဘို့သမား”တွေက စံပြီးခံစရာကျတော့ ကျုပ်တို့ပြည်သူတွေက ခံကြရတယ်။ ဒီကြားထဲ နေ့ရောညရောတတိန်တိန် တတောင်တောင်နဲ့ MPT တို့၊ Telenor တို့ Mytel တို့က စာတိုတွေနဲ့ ဒုက္ခပေး။ အို.. ရှုပ်ပါတယ် ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ တိုင်းပြည်မှာ ပွင့်လင်းမြင်သာမှုရှိတဲ့ သင်ဇာဝင့်ကျော်လေးကိုပဲ ထိုင်ကြည့်နေတာကောင်းပါတယ်။
အိုးပေါက် – ဟွန်း၊ အကောင်းမှတ်လို့ နားထောင်နေတာ။ နောက်ဆုံးတော့သင်ဇာဆီပဲ ဆိုက်သွားတာပါပဲ။
တုတ်ထိုး – အဟီး၊ ကြည့်တတ်ရင် ဘာဝနာတဲ့ဗျ။ ဘာဝနာအကြည့်နဲ့ ကြည့်တာပါခင်ဗျာ။ မယုံရင် ကျုပ်ကို မေးကြည့်တော်မူပါ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။ ဒါနဲ့ နေပါဦး။ ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးတချို့ကို ရပ်စဲလိုက်တယ်ဆိုတာ ဟုတ်သလားဗျ။
တုတ်ထိုး – ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ရယ်၊ ပြီးတော့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့သုံးဦးကို တာဝန်ကနေ ရပ်စဲလိုက်တာဗျ။
အိုးပေါက် – ကျုပ် အရင်ကပြောဖူးတဲ့ စင်္ကာပူနိုင်ငံသားကီရှိုးမာဘူဘာနီရဲ့ စကားကိုပြန်ပြောချင်တယ်။
တုတ်ထိုး – ဘာတဲ့တုန်း။
အိုးပေါက် – တိုင်းပြည်တစ်ခုအတွက် အရေးကြီးတဲ့အရာတွေပေါ့။ သူပြောတာကတော့ MPH အရေးကြီး သတဲ့ဗျ။
တုတ်ထိုး – MPH ဆိုတာ Miles Per Hour ကို ပြောတာလား။ တစ်နာရီအတွင်း ခရီးပေါက်တဲ့ မိုင်နှုန်းလေ။
အိုးပေါက် – အဲ့ဒီ MPH ကိုပြောတာ မဟုတ်ဘူးဗျ။ အခုပြောတဲ့ MPH ကတော့ တိုင်းပြည်တစ်ခုအတွက် ခရီးမိုင်ပေါင်းများစွာ ပေါက်ရောက်စေလိမ့်မယ်ဗျ။
တုတ်ထိုး – ပြောစမ်းပါဦးဗျာ။
အိုးပေါက် – M ဆိုတာက Meritocracy ဗျ။ အရည်အသွေးအလျောက် မြှောက်စားတဲ့စနစ် ဆိုပါတော့။ ပြောရရင် လူမှန် နေရာမှန်ပေါ့ဗျာ။ သူ့နေရာနဲ့သူ တန်ဖိုးထားသင့်တဲ့သူကို တန်ဖိုးထား။ မြှောက်စားသင့်တဲ့သူကို မြှောက်စားပေါ့။ လူမှန်နေရာမှန် မထားဘဲ နီးစပ်ရာဆွေမျိုးသားချင်းတွေကို နေရာထားပြီး ရာထူးပေးထားမယ်။ ကိုယ်နဲ့ ပနံသင့်သူတွေကိုပဲ မြှောက်စားထားမယ်ဆိုရင်တော့ အဲ့ဒီ တိုင်းပြည်ဟာ တိုးတက်လာမှာ မဟုတ်ဘူး။ လူမှန်နေရာမှန် မရှိဘဲအလျင်းသင့်သလို ခန့်ထား၊ ငါ့ဆွေ ငါ့မျိုး ငါ့သား ငါ့မိဖုရားစိတ်နဲ့ နေရာတွေပေး၊ ရာထူးတွေပေးထားကြရင် အဂတိတိုက်ဖျက်မှုတွေဘယ်လောက်ပဲ လုပ်နေပါစေဦးတော့ သိပ်ကြီး ထိရောက်လာနိုင်မှာ မဟုတ်ဘူး။
တုတ်ထိုး – မရှင်းသေးဘူးဗျာ။
အိုးပေါက် – ဘာကို မရှင်းတာတုန်း။
တုတ်ထိုး – ဆိုပါတော့။ ပါတီတစ်ခု ဆိုပါတော့။ ပါတီတစ်ခုမှာ ခင်ဗျားက ပညာတတ်တစ်ယောက် ဆိုပါတော့။ ဒေါက်တာဘွဲ့တွေရထားမယ်၊ အများက ကြည်ညိုလေးစားမယ်။ ခင်ဗျားလောက် တတ်တဲ့လူလည်း ပါတီတွင်းမှာ နေရာပေးဖို့လူလည်း မရှိဘူး။ ခင်ဗျားကဝန်ကြီးတို့ ဘာတို့ မလုပ်ချင်ဘူး ဆိုပါတော့။ ဒါပေမဲ့ အများကနေပြီး တခြားလူတင်ဖို့ မရှိတော့တဲ့အခါခင်ဗျားကို ဝန်ကြီးခန့်မယ်။ ခင်ဗျားကလည်း ဝန်ကြီးနေရာ စိတ်မဝင်စားဘူး။ မဖြစ်မနေမို့သာ ဝန်ကြီးတစ်နေရာ ရတယ် ဆိုပါတော့…ခင်ဗျား ဘာလုပ်မလဲ။
အိုးပေါက် – ငြင်းမှာပေါ့။ စိတ်မှ မဝင်စားတာ။
တုတ်ထိုး – နိုင်ငံရေးအရခင်ဗျားပါတီက ရွေးကောက်ပွဲမှာ နိုင်နေပြီ။ ဘာပဲဖြစ်ဖြစ်ခင်ဗျားက အမတ်ဖြစ်ဖြစ် တစ်နေရာ ရယူပြီး ပါတီအတွက် ရပ်တည်ပေးရတော့မယ် ဆိုပါတော့။ အားနာပြီး ကြိတ်မှိတ်ပြီး ခင်ဗျားဟာအစိုးရအဖွဲ့အစည်းမှာ ဝန်ကြီးဖြစ်လာပြီ။ ဆိုပါစို့။ ခင်ဗျား ဘာလုပ်မလဲ။
အိုးပေါက် – ခင်ဗျားချောင်ပိတ် မေးနေတာပဲ။ မဖြစ်နိုင်တဲ့ အတွေးတွေမပြောစမ်းပါနဲ့။
တုတ်ထိုး – ဟေ့လူ…ဟေ့လူ။ စကားက မပြတ်သေးဘူး။ ပြောပါဦး ခင်ဗျားဝန်ကြီးဖြစ်နေပြီ။ ဘာလုပ်မလဲ။ ခင်ဗျားဘေးက လူတချို့ကလည်း အဂတိလိုက်စားမှုရှိတယ်ဆိုပြီး နာမည်ဆိုးတွေ ထွက်နေတယ်။ ဒါပေမဲ့ သူက အရင်အစိုးရလက်ထက် အဆက်ဆက်ကတည်းက နိုင်ငံရေးမှာ လှုပ်ရှားနေတယ်။ ဘာတွေ ဆောင်ရွက်ရမယ်၊ ဘယ်ဌာနကလူတွေနဲ့ ဘယ်လိုလူတွေနဲ့ ချိတ်ဆက်ရမယ်ဆိုတာ ကျွမ်းတယ်ဆိုပါတော့ …။
အိုးပေါက် – ဟာဗျာ။
ဝန်ကြီး တကယ်မဖြစ်ရသေးဘူး။ ကျုပ်ကို ခင်ဗျားက တုတ်နဲ့ ထိုးနေပြီ။ ကဲဗျာ။ အဲ့ဒီလူဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်ပဲ လည်ပတ်နိုင်အောင် ဘယ်လောက်ပဲဆောင်ရွက်နိုင်တယ် ထားဦး၊ ကျုပ်ကတော့ သူ့ကိုအနားယူစရာရှိရင် ယူမှာပေါ့။ သူူ့ကို ဖြုတ်ချမယ်ဗျာ၊ထုတ်မယ်ဗျာ။ တာဝန်က ရပ်စဲမယ်ဗျာ။ လူမှန် နေရာမှန်ဖြစ်အောင် ကြိုးစားမယ်။ကျုပ်ကိုယ်တိုင် အသုံးမကျဘူးဆိုရင် အဲ့ဒီနေရာကနေဖယ်ပေးမယ်၊ ဆင်းမယ်။ ကဲ… ခင်ဗျား ကျုပ်ကို ဘေးကျပ်နံကျပ်တွေ မပြောတော့ဘူးလား။
တုတ်ထိုး – ဟဲ ဟဲ ဟဲ။ ချစ်လို့ စနေတာပါဗျာ။ Meritocracy ဆိုတဲ့ အရည်အသွေးအရ မြှောက်စားတဲ့ စနစ်ကို ပြောရင်း ခင်ဗျားကို ခေါင်းပူအောင် အလုပ်ပေးလိုက်တာဗျ။
အိုးပေါက် – ပြောပါဦး။ ကျန်တာတွေက။
တုတ်ထိုး – P ဆိုတာကတော့ Peace ပေါ့ဗျာ။ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးမရရင်တော့ ဘာမှ ဆက်လုပ်လို့ မရပါဘူး။ ပြည်တွင်းစစ်တွေ အဆုံးသတ်တဲ့တစ်နေ့၊ သေနတ်ဖျားကနေ သေပန်းမပွင့်ဘဲ ပန်းတွေပွင့်တဲ့နေ့။ အဲ့ဒီတစ်နေ့ ရောက်လာရင်တော့ ကျုပ်တို့ တိုင်းပြည်တိုးတက်လာမှာပဲ။ ဘို့သမား အတွေးတွေ ရှိနေကြသရွေ့တော့ ငြိမ်းချမ်းရေးကတော့ဝေးနေဦးမှာ ပါပဲ။
အိုးပေါက် – H က ဘာကြီးတုန်း။
တုတ်ထိုး – H က Happy ပေါ့ဗျာ။
အိုးပေါက် – နိုင်ငံသူ နိုင်ငံသားတွေ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးဖို့ လိုတယ်။ ခင်ဗျားပြောတဲ့ MPH နဲ့ ပြည့်စုံလာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ မှတ်ထားပါဦးမယ်။ MPH – Meritocracy, Peace ပြီးတော့ Happy.
တုတ်ထိုး – မဆိုးဘူး။ ခင်ဗျား အိုးမပေါက်တော့ဘူး။
အိုးပေါက် – ကျုပ် အိုးပေါက်မပေါက်က အရေးမကြီးဘူး။ သေနတ်တွေ ဆက်မဖောက်ကြဖို့ လိုတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကတော့ဝေးနေဦးမလား မသိ။
တုတ်ထိုး – ဘာလို့။
အိုးပေါက် – မြန်မာ့တပ်မတော်က စစ်ရေးလှုပ်ရှားမှုကို လေးလကြာ ရပ်ဆိုင်းထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်ရေးလှုပ်ရှားနေလို့ အဲ့ဒီလှုပ်ရှားမှုတွေအပေါ် တပ်မတော်က လိုအပ်သလို လုပ်ဆောင်သွားမယ်ဆိုပဲဗျ။
တုတ်ထိုး – ဝမ်းသာစရာသတင်းတစ်ခုတော့ ဖတ်ရသဗျ။ လက်ရှိ အစိုးရလက်ထက်မှာ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)တို့အကြား ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို မကြာမီမှာ အမြန်ဆုံးပြုလုပ်ဖို့ သဘောတူထားသတဲ့ဗျ။ အစိုးရကိုယ်စားလှယ် အဖွဲ့တွေနဲ့ ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့တွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသတဲ့ဗျ။
အိုးပေါက် – ဘယ်နေ့ကဆွေးနွေးသွားကြတာတုန်း။
တုတ်ထိုး – ဇန်နဝါရီလ ၂၁ရက်နေ့က။
အိုးပေါက် – အင်း။ ငြိမ်းချမ်းရေး လင်းရောင်ခြည်လေး ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ရပါရဲ့ဗျာ။
တုတ်ထိုး – မြန်မာပြည်ငြိမ်းချမ်းပါစေဗျာ။ ပြုတ်သင့်တဲ့ ဝန်ကြီးတွေလည်း ပြုတ်တော်မူကြပါစေဗျာ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။ ။







