ဒူးလေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ လာမည့်ရွေးကောက်ပွဲတွင် NLD ဘက်မှ ဝင်ရောက် ယှဉ်ပြိုင်မည်

977

မြစ်ကြီးနား၊ သြဂုတ် ၁၁

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ဒူလေးပါတီမှ ယှဉ်ပြိုင် အနိုင်ရခဲ့သည့် ဆော့လော်မဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်ခေါ်မာဝူသည် လီဆူလူမျိုးကို အခြေခံထားသည့် ဒူးလေးပါတီ၌ ၂၀၁၅ ဇန်နဝါရီလတွင် ဗဟိုဥက္ကဋ္ဌအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ မေလ(၂၁)နေ့ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေါ်ခေါ်မာဝူက ခုလိုပြောသည်။

“မိမိ ယုံကြည်ရာပေါ့နော်။ မူဝါဒတွေအားလုံးက ကောင်းကြပါတယ်။ ဒါပေမဲ့ကိုယ်ယုံကြည်ရာကို ပြောင်းသွားတဲ့သဘောပါ”ဟု ဒေါ်ခေါ်မာဝူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ထိုသို့ ဒီမိုကရေစီကို ဖော်ဆောင်နေသည့် ပါတီဖြစ်သဖြင့် ယခုကဲ့သို့ ပါတီပြောင်းကာ ရွေးကောက်ပွဲတွင် ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လာမည့် (၅)နှစ် သက်တမ်း၌လည်း ဆော့လော်ပြည်သူများ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုခြင်းကြောင့် ပြန်လည်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ဒေါ်ခေါမာဝူက ဆိုသည်။

ဆော့လော် မဲဆန္ဒနယ်အမှတ်(၂)က ၂၀၁၅- ၂၀၂၀ခုနှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်စဉ် ပြည်သူများအတွက် ရှောက်ကော စိုက်ပျိုးမြေအဖြစ် ဧက ၁၇၀၀ ကို ဖော်ထုတ်ခဲ့နိုင်သည်ကို အားရ အကျေနပ်ဆုံး ဖြစ်ကြောင်း ဒေါ်ခေါ်မာဝူက ပြောသည်။

“နှစ်ရှည်ပင် ဖြစ်တဲ့အတွက် အန်တီ လွှတ်တော်မှာ မရှိတဲ့အချိန်မှာလည်းပဲ သူတို့ စားဝတ်နေရေးအတွက် ရေရှည် လုပ်ကိုင်စားသောက်သွားနိုင်တာပေါ့နော်။ အဲ့ဒါကိုတော့ အန်တီ့အနေနဲ့ အားရကျေနပ်မှုအရှိဆုံးဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ကချင်ပြည်နယ် လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၅) ဦးရှိသည့်အနက် ဒေါ်ခေါ်မာဝူသည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့မည်ဆိုပါက ပြည်သူများ၏ တောင်းဆိုချက်ကို အဓိက ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here