နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာကြား ကားလမ်းပျက်စီးနေပြီး ခရီးသွားများ အခက်ကြုံ

360

 

ဩဂုတ်၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာကြားက ကားလမ်းတစ်လျှောက် ရွှံ့ဗွက်ထပြီး ပျက်စီးနေတဲ့အတွက် ကားကြပ်တာတွေ နေ့စဉ်ဖြစ်ပွါးနေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။

အရင်က ကျောက်ခင်းလမ်းဖြစ်တဲ့ အထက်ပါလမ်းဟာ နှစ်စဉ် ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး အခုနှစ်မှာလည်း ဇူလိုင်လဆန်းကနေ မိုးရွာသွန်းမှုတွေကြောင့် ရွှံ့ဗွက်တွေဖြစ်ပြီး ခရီးသွားကားတွေသာမက လမ်းသွားလမ်းလာ တွေပါ ဒုက္ခရောက်နေကြရတယ်လို့ နောင်းမီဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ကားအစီး၂၀လောက် တန်းစီတာ‌တွေ ရှိတယ်။ လယ်တောလမ်းလိုပဲ ဖြစ်နေပြီ။ နေ့တိုင်း ကြပ်နေတာ။ လူဖြတ်ဖို့တောင် ခက်သွားတယ်။ ကားသမားတွေဆို ရွှံ့တွေနဲ့ပဲ ထွက်ထွက်လာတယ်။ “လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ လမ်းပျက်နေတဲ့ နေရာဟာ နောင်းမီကျေးရွာ အထက် ၃ မိုင်လောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှံ့ထဲနစ်နေတဲ့ ကားတွေကို ဒေသခံတွေကနေ အခကြေးငွေယူပြီး လယ်ထွန်စက်တွေနဲ့ ဆွဲပေးနေတယ်လို့လည်း သိရပါတယ်။

အခုလိုလမ်းပျက်နေပေမဲ့ ဘယ်သူကမှ တာဝန်ယူဖြေရှင်းပေတာမျိုး မရှိဘူးလို့ ဝါရာဇွပ်‌ကျေးရွာ ဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ဘယ်သူမှလည်း မလုပ်ကြဘူး။ အရင် ကျောက်ခင်းလမ်း ဟုတ်တယ်။ အခုက ပျက်ကုန်ပြီ”လို့ ‌ဝါရာဇွပ်ဒေသခံက ဆိုပါတယ်။

နှစ်တိုင်းလိုလို လမ်းပျက်လေ့ရှိတဲ့ အထက်ပါလမ်းကို သက်ဆိုင်ရာကနေ လာရောက်ပြုပြင်ပေးဖို့ လိုလားတယ်လို့ ဒေသခံကတွေက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here