ပိုမိုပွင့်လင်းလွတ်လပ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုထားသည်ကို လာရောက်အကောင်ထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန်သံအမတ် စကော့မာစီရယ်ပြော

1471

နိုဝင်ဘာ ၁၈

စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ်ဖွံ့ဖြိုးမှု စီမံကိန်းသည် အမေရိကန်ပြည်ထောင်စုမှ ကချင်ပြည်နယ်တွင် တိုးချဲ့ဆောင်ရွက်မည့် အားလုံးပါဝင်နိုင်သည့် စိုက်ပျိုးရေးကဏ္ဍ ဦးစားပေးအနေဖြင့် ပိုမိုပွင့်လင်းလွတ်လပ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုထားသည်ကို လာရောက်အကောင်ထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန်သံအမတ် စကော့မာစီရယ်က ပြောသည်။

အဆိုပါ စီမံကိန်းသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)၏ ပထမဆုံးသော စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းဖြစ်ကြောင်း၊ အမေရိကန် သံအမတ်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ရောက်ရှိစဉ် ကာတဲလ်ဟိုတယ်တွင် ကချင်ပြည်နယ် စိုက်ပျိုးရေး ကဏ္ဍများ ဆောင်ရွက်နေသည့် တောင်သူလယ်သမား ၆၀ ကျော်နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“USAID အနေနဲ့ ကချင်ပြည်နယ်မှာ စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေကို လုပ်ဆောင်ဖို့ မကြာသေးမီက တိုးချဲ့ခဲ့ပါတယ်။ အထူးသဖြင့် ဒီနိုင်ငံမှာရှိတဲ့ နေထိုင်သူအများအပြားဟာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအပေါ် မှီခိုနေသူတွေ ဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိကထား ဦးတည်လုပ်ဆောင် နေတာဖြစ်ပါတယ်”ဟု အမေရိကန်သံအမတ် စကော့မာစီရယ်က ပြောသည်။

ယင်း ဆွေးနွေးပွဲတွင် တောင်သူများနှင့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးအခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ တိုးတက်စေရေးတွင် ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ၏ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းက မည်သို့ကူညီနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့သည်။

အဆိုပါ USAID ၏စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ် ဖွံ့ဖြိုးမှုစီမံကိန်းအစီအစဉ်သည် ကဏ္ဍစုံမှ လူတန်းစား မရွေးအကျိုးရှိစေမည့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်၏ အဓိကကျသော အစိတ်အပိုင်းများတွင် အပြိုင်အဆိုင် ဆောင်ရွက်မှုများ တိုးပွားစေရေးတို့အတွက် ကျယ်ပြန့်သော ဈေးကွက်စနစ်တွင် ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ဒေသအလိုက် တိုင်းရင်းသား မျိုးနွယ်စုများကိုပါ အကျိုးရှိစေမည့် ရေရှည် တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်အဖြစ် ပြောင်းလဲမှုကဏ္ဍများတွင် အထောက်အကူပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

” USAID အနေနဲ့ ကချင်ပြည်နယ်မှာလည်း စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေကို လုပ်ဆောင်ဖို့ မကြာသေးမီက တိုးချဲ့ခဲ့ပါတယ်။ စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ် ဖွံ့ဖြိုးမှု စီမံကိန်းဟာ ကချင်ပြည်နယ်မှာ တိုးချဲ့ဆောင်ရွက်မယ့်၊ ကျွန်တော်တို့ရဲ့ ပထမဆုံးသော စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းဖြစ်ပါတယ်”ဟု သံအမတ်ကပြောခဲ့သည်။

စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်စနစ် ဖွံ့ဖြိုးမှု စီမံကိန်းသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင်ရှိသော လူပုဂ္ဂိုလ်စုစုပေါင်း ၁၂၅၀၀၀ ဦးကျော်တို့ကို ထောက်ပံ့ပေးမည့် အမေရိကန်ဒေါ်လာ ၃၈ သန်းတန်ဖိုးရှိ ၅ နှစ်စီမံကိန်း ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းသည် တောင်သူများနှင့် ၎င်းတို့၏ လယ်ယာလုပ်ငန်းများမှ ရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၂ သန်း တိုးတက်ရရှိရန်၊ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြစ်ထွန်းစေရန်နှင့် အချိန်ပြည့်အလုပ်အကိုင် ၃၅၀၀ ပေါ်ပေါက်လာစေရန် မျှော်မှန်းထားကြောင်း လည်း သိရသည်။

သံအမတ်က တောင်သူများ၊ စိုက်ပျိုးကုန်ထုတ်လုပ်သူများ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများ ဘာသာရေးအခြေပြု အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကချင်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များကို မေးခွန်းများ မေးမြန်းခဲ့ပြီး တက်ရောက်လာသူများက ပြောကြားသည့် သတင်းအချက်အလက်များသည် ပုဂ္ဂလိကအခန်းကဏ္ဍကို တိုးမြှင့်ချဲ့ထွင်နိုင်ရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက်၊ အမေရိကန်ရင်းနှီးမြှပ်နှံမှုများ အနေဖြင့် မည်သို့ ကူညီပံ့ပိုးပေးနိုင်မည်ကို အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

အဆိုပါအကူအညီများအနက် ကျေးလက်တောင်သူများထံသို့ မျိုးစေ့ကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများကို ပိုမိုလက်လှမ်းမီစေရန် ဆောင်ရွက်ပေးခြင်းနှင့် တောင်သူများထံမှ ရရှိလာသော ကုန်စည်များကို တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ကာ ဝယ်လိုအား ချဲ့ထွင်ပေးခြင်းများလည်း ပါဝင်သည့်အပြင် ဤစီမံကိန်းသည် ကချင်ပြည်နယ်ရှိ မတူကွဲပြားသော လူမှုအဖွဲ့အစည်း အားလုံးအတွက် ပိုမို၍ အားလုံးပါဝင်နိုင်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်းတီးပေးနိုင်မည် ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

“အမေရိကန်အစိုးရရဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းတွေမှာ ဒေသခံလူမှု အဖွဲ့အစည်းတွေရဲ့ စီးပွားရေး အခွင့်အလမ်းတွေကို တိုးချဲ့ထွန်းကားစေပြီးတော့၊ တစ်ဖက်မှာလည်း သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ကိုလည်း ဆောင်ရွက်ထားပါတယ်”ဟု အမေရိကန်သံအမတ် စကော့မာစီရယ်က ပြောသည်။

အမျိုးသမီးအများစု ပါဝင်သည့် ရှမ်းပြည်နယ်က ကော်ဖီစိုက် တောင်သူများနှင့် ပတ်သက်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီး၊ ပိုမိုအောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း၊ ကော်ဖီစိုက်တောင်သူများနှင့် ထုတ်လုပ်သူများသည် အမေရိကန်ပြည်ထောင်စု အပါအဝင် ဈေးကွက်အသစ်ကို တင်ပို့ရောင်းချနိုင်ခဲ့ကြပြီ ဖြစ်ပြီး၊လက်ရှိတွင် ယခင်က ပြည်တွင်း၌သာ ကော်ဖီစေ့ ရောင်းချစဉ်က ရရှိခဲ့သည့် ဈေးနှုန်းထက် သုံးဆပိုရသော အထူးတန်းဝင်ကော်ဖီများကို ထုတ်လုပ်နေကြပြီဖြစ်ကြောင်းလည်း သံအမတ်က ပြောကြားခဲ့သည်။

ယခု ကြိုးပမ်းအားထုတ်မှုများ၏ အဓိကရည်မှန်းချက်သည် ကချင်ပြည်နယ်တွင် အားလုံး ပါဝင်နိုင်ပြီး ရေရှည်တည်တံ့သည့် လယ်ယာစိုက်ပျိုးရေးနှင့် အစားအစာစနစ်များ ပေါ်ပေါက်လာစေရန် ဖြစ်ကြောင်း၊ အဆိုပါစနစ်များကို အကောင်အထည်ဖော်နိုင်မည် ဆိုပါက ဒေသခံတောင်သူများနှင့် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို အကျိုးရှိစေမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

“အားလုံးအတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ်ဆိုရင် လူကြီးမင်းတို့အနေနဲ့ အချင်းချင်းအကြား ဆက်ဆံရေးတွေ ပိုမိုအားကောင်းခိုင်မာလာမှာဖြစ်ပြီး လူမှုအဖွဲ့အစည်းအားလုံးကို အကျိုးရှိစေမယ့် ရေရှည်တည်တန့်ခိုင်မြဲတဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေလည်း ဖြစ်ထွန်းစေမှာဖြစ်တဲ့အပြင် ဈေးကွက်အသစ်အခွင့်အလမ်းတွေကနေလည်း အကျိုးကျေးဇူးတွေ ရရှိ
နိုင်မှာဖြစ်ပါတယ်”ဟု သံအမတ်ကပြောကြားခဲ့သည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here