မတ်၊၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ရဲစခန်းရှေ့ရှိ ဂိတ်တွင် ယနေ့ ညနေ (၃)နာရီ အချိန်ခန့်က ဗုံး ဖောက်ခွဲခံရပြီး ရဲ သုံးဦး သေဆုံးသွားကြောင်း သိရသည်။
ယင်းဂိတ်သည် လတ်တလောအချိန်၌ လမ်းသွား/လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေသည့် နေရာဖြစ်ပြီး ယနေ့တွင် ဗုံးဖောက်ခွဲခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“(၃)နာရီခွဲလောက်မှာ ရဲစခန်းမှာ ဗုံးပေါက်တာ။ တစ်ခါပဲ ဖောက်သံကြားတာ။ အဲဒီ ရဲစခန်းရှေ့တွေမှာ ခုတလော အရမ်းစစ်ဆေးနေတာ ဟုတ်တယ်။ (၃)ယောက်လောက် သေတယ် ကြားတယ်။ ရဲစခန်းရဲ့ အပေါက်ဝဂိတ်မှာ ပစ်ပေးတာ ဟုတ်တယ်။ ဘယ်သူတွေ ပစ်လဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။
ယမန်နေ့များကလည်း ယင်းရဲစခန်းရှေ့အပြင် အေးမြသာယာရပ်ကွက်များတွင် ကား၊ ဆိုင်ကယ်ဖြင့် သွားလာသည့် လမ်းသွား၊ လမ်းလာပြည်သူများကို စစ်ကောင်စီတပ်သားများက တားဆီး မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။







