မညီမျှတဲ့ အိမ်နီးချင်း အခွင့်အရေး

1483

အိမ်နီးချင်းတရုတ်နိုင်ငံက စီးပွားရေးသမားတွေရဲ့ မြန်မာနိုင်ငံထဲဝင်ပြီး စီးပွါးရေးအမြတ်ထုတ်မှုတွေက တစ်နှစ် တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကချင်ပြည်နယ်ထဲဝင်ပြီး ရွှေ၊ သစ်၊ ကျောက် စိမ်းနဲ့ ဘိန်းကဲ့သို့ မှောင်ခိုစီးပွါးရေးလုပ်ငန်းတွေမှာ သူတို့မပါဝင် မပတ်သက်တဲ့ စီးပွါးရေးလုပ်ငန်းဆိုတာ မရှိသ လောက်ဖြစ်နေတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက မြန်မာ-တရုတ်နယ်စပ် ဆဒုံးနယ်မှာ လူပေါင်းရာနဲ့ချီ သစ်ဝင်ခိုးတဲ့အခါ ထောင် ဒဏ်တစ်သက်တစ်ကျွန်းချပြီး ၈ ရက်ချုပ်ပြန်လွှတ်ခဲ့တော့ အခုတစ်ခါ ဖမ်းထားတဲ့သစ်တန်ချိန် တစ်ထောင် ကျော်ကို ဝင်ခိုးပြန်ပါပြီ။

ဒီကိစ္စမှာ လူတွင်ပါလို့ နွားကို ကျားကိုက်တယ်လို့ ဆိုနိုင်ပေမယ့် ပျော့ညံ့လွန်းတဲ့ မြန်မာ့နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေက သူတို့ကို အကြိမ်ကြိမ်ကျူးလွန်အောင် လမ်းဖွင့်ပေးနေခြင်းဖြစ်တယ်လို့ မြစ်ကြီးနား သတင်းဂျာနယ်ကယူဆပါတယ်။

ချီဖွေဆော့လော်နယ်မှာ ဖမ်းဆီးထားတဲ့ သစ်တန်ချိန် ၁၃၀၀ လောက်ကို ဝင်ပြီးခိုးရလောက်အောင် ရဲ တင်းလွန်းတဲ့သတ္တိက မြန်မာအစိုးရက အမှန်တကယ်ထောင်ဒဏ်မချမှတ်လို့ပါ။ မြန်မာအစိုးရက လွန်ခဲ့တဲ့နှစ် ပေါင်း ၂၀ လောက်ကတည်းက ဖမ်းပြီးပြန်လွှတ်ပေးနေလို့သာ ဒီလိုအတင့်ရဲတဲ့ဖြစ်စဉ်တွေ အကြိမ်ကြိမ်ဖြစ်နေ တာပါ။ နောက်ထပ်လည်းဖြစ်နေဦးမှာပါပဲ။

သူတို့ရဲ့ နိုင်ငံကျော်ပြစ်မှုကျူးလွန်မှုတွေက ဒီ့မတိုင်ခင် ဆယ်စုနှစ် ၂ ခုစာလောက်ကတည်းက ရှိခဲ့တာ ဖြစ်ပြီး ရာနဲ့ချီတဲ့ လူအုပ်ကြီးတွေနဲ့ ကချင်ပြည်နယ်ထဲမှာ ရွှေခိုးတူးခဲ့ကြတာတွေ၊ သစ်ခိုးခုတ်ခဲ့ကြတာတွေလုပ် ခဲ့ကြတာပါ။

၂၀၀၀ ခုနှစ်တွေလောက်တုန်းက မိုးမောက်မြို့နယ်၊ မြို့သစ်နယ်ထဲမှာ တရုတ်ပြည်ဘက်ကနေ လမ်း ဖောက်ဝင်လာပြီးတော့ ခိုးခဲ့တယ်။ ဗန်းမော်မြို့နယ်၊ မြစေတီ ရွာဘက်ကနေ မိုးလဲချောင်းအတိုင်း ခိုးတယ်။ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘို၊ တာလောကြီးကနေ လိုင်ဇာဘက်ကို ဖြတ်ပြီးသယ်တယ်။ ခေါင်လန်ဖူးဘက်မှာ ရှားမူလို့ခေါ်တဲ့ သစ်တွေကို ခိုးတယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ ရွှေခိုးကျင်တယ်။ ကချင်ပြည်နယ်ဒေသ အနှံ့အ ပြားမှာပါပဲ။ ဒါတောင် တရားဝင်နေထိုင်ခွင့်မရှိဘဲ ဝင်လုပ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေမပါသေးပါဘူး။

သူတို့နိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ (သူတို့လိုပြစ်မှုကြီးကြီးမားမားကျူးလွန်တာမဟုတ်ဘဲ) သာမာန် အမှုလောက်ကို သူတို့နိုင်ငံသားတွေနဲ့ မတူတဲ့ပြစ်ဒဏ်တွေခံနေရပါတယ်။ သူတို့နိုင်ငံသားအချင်းချင်းအတွက် ပထမ၊ ဒုတိယ၊ တတိယအကြိမ်သတိပေးချက်တွေရှိပေမယ့် သူတို့နိုင်ငံမှာ မြန်မာနိုင်ငံသားတွေကို ဖမ်းမိရင် အစစ်ဆေး အမေးအမြန်းမရှိ ထောင်ဒဏ် ၁၈ လကျခံနေကြရပါတယ်။ ဒါတင်မဟုတ်ဘဲ ထောင်ထဲရောက်ရင် လည်း အလုပ်ချိန် ၈ နာရီအပြည့် အလုပ်လုပ်ကြရပြန်ပါသေးတယ်။

မြန်မာနိုင်ငံကတော့ ကိုယ့်နိုင်ငံထဲဝင်ပြီး သူတို့ဘာပဲလုပ်လုပ် ဖမ်းဆီး၊ ဟန်ပြထောင်ချပြီးတာနဲ့ နယ်စပ်ဂိတ်အရောက် ပြန်ပို့ပေးနေရတာ ရင်နာစရာကောင်းလွန်းလှပါတယ်။

ဒီလိုကွာခြားနေတာတွေကို ချိန်ညှိဖို့ ဘယ်လွှတ်တော်မှာမှ ကြိုးစားခဲ့တာမရှိတော့ တရုတ်နိုင်ငံကို အမီပြုနေရတဲ့ ထောင်သောင်းချီသော စီးပွါးရေးသမားတွေရဲ့ဘဝဟာ လုံခြုံမှုမရှိဘဲ သွားလာနေရသလို မြန်မာနိုင်ငံမှာရှိတဲ့ နယ်ပယ်အသီးသီးက ဒေသခံတွေမှာလည်း ငွေနဲ့ချယ်လှယ်မှုကို ခံနေကြရတာပါ။

အခုမူ အတိုင်းရှေ့ဆက်သွားနေဦးမယ်ဆိုရင်တော့ သူဋ္ဌေးမင်းက ဆင်းရဲသားအိမ်ဦးခန်းမှာ ဖိနပ် စီးတဲ့ အဆင့်ထက်ကျော်လွန်ပြီး မစင်စွန့်တဲ့အဆင့် ရောက်လာမှာအသေအချာပါပဲ။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here