ဇွန် ၂၀
မိုးညှင်းမြို့နယ် နန်းမားကျေးရွာ တောင်အင်းကျေးရွာအုပ်စု၊ အောင်မြေကျေးရွာ၌ မူးယစ်ဆေး ဝါးများနှင့်အတူ လက်နက်များဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိသည်။
ယခင်က မူးယစ်ဆေးဝါးပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ထားသူတစ်ဦး၏ နေအိမ်ကို သတင်းအရ ဇွန်လ ၂၀ ရက် နံနက်၆နာရီခွဲခန့်က ဝင်ရောက်ရှာဖွေစဉ် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြစ်မှုဟောင်းဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူမှာ အောင်မြေကျေးရွာမှ အသက် ၄၅ နှစ်ရှိ အော င်ဝင်းထွန်း(ခ)ထွန်းထွန်းဆိုသူဖြစ်ပြီး ဇနီးဖြစ်သူမှာ အသက် ၂၅ နှစ်အရွယ် မဆိုင်းပန်ဆိုသူဖြစ်သည်။
မိုးညှင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ်ဇော်လွင်ဦးစီးသောအဖွဲ့နှင့် နန်းမားနယ်မြေ ရဲ စခန်းတို့ ပူးပေါင်း၍ အောင်မြေကျေးရွာ ယာခင်းအနီးရှိ နေအိမ်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ အောင်ဝင်းထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရေးအဖွဲ့က နေအိမ်အတွင်းနှင့် နေအိမ်ပတ်ဝန်းကျင်တို့တွင် ရှာဖွေရာ အိမ်နောက်ဖက် အိမ်သာဘေးတွင် ကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၀ ဒသ မ ၂ ဂရမ်ကို တွေ့ရှိ သိမ်းဆည်းပြီး နေအိမ်အိပ်ခန်းအတွင်း အိပ်ယာဘေးတွင် ခါးပတ်လွယ်အိတ်ဖြင့် ထည့်ထားသည့် ပစ္စတိုနှင့် ကျည် ဆန်များကို တွေ့ရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် လွယ်အိတ်အတွင်းမှ M 20 အမျိုးအစား N-1107882 နံပါတ်ပါ ပစ္စတိုတစ်လက်၊ N-034098 နံပါတ်ပါ ပစ္စတိုတစ်လက်၊ ကျည်ဆံ ၂၄ တောင့်နှင့် ကျည်ကဒ် နှစ်ခု၊ 7.62 ×39 ကျည်ဆံ ၅ တောင့်၊ တရုတ်နိုင်ငံလုပ် MG-1 ပလပ်စတစ်လက်ပစ်ဗုံး(နာနတ်သီးပုံ) သုံးလုံးနှင့် ၎င်းအမျိုးအစား ( ဖြူးစ်)သုံးချောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိသူ အိမ်ရှင် မဆိုင်းပန်နှင့် ထွက်ပြေး လွတ်မြောက်နေသူ အောင်ဝင်းထွန်း(ခ) ထွန်းထွန်းတို့ကို နန်းမားနယ်မြေရဲစခန်းက မယ(ပ) ၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားပါသည်။
ထွန်းထွန်း(မိုးညှင်း)