မပြောင်းလဲနိုင်တဲ့ ဥပဒေနဲ့ မလိုက်နာနိုင်တဲ့ ပြည်သူ

1427

အခုခေတ် နေ့စဉ်ဘဝမှာ ဆိုင်ကယ်ဟာ မရှိမဖြစ်အလိုအပ်ဆုံးအရာတစ်ခု ဖြစ်မှန်းမသိ ဖြစ်လို့လာပါတယ်။ ဟိုအရင်ခေတ်က စူပါကပ်နဲ့ ဒီတီဆိုင်ကယ်စီးတဲ့သူကို လက်ချိုးရေတွက်လို့ရပေမယ့် တိုးတက်လာတဲ့ ခေတ်အခြေအနေနဲ့ တရုတ်နိုင်ငံရဲ့ စီးပွါးရေးအမြင်စူးရှမှုတွေကြောင့် ၂၀၀၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ ဆိုင်ကယ်များ တစ်ခေတ်ဆန်းလာပါတယ်။

ခေတ်ကာလအခြေအနေအရ ကားမဝယ်နိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝမှာ ဆိုင်ကယ်ဟာ မရှိမဖြစ်အသုံးအဆောင်ဖြစ်လာတော့ ဆိုင်ကယ်ကို နည်းအမျိုးမျိုးနဲ့ ရယူပိုင်ဆိုင်ကြရာ ကနေ မြို့တိုင်းမှာ ဆိုင်ကယ်တွေ ပြည့်ကျပ်လို့လာပါတယ်။

ကချင်ပြည်နယ်မှာလည်း လူဦးရေ ၁၇ သိန်းရဲ့ သုံးပုံပုံတစ်ပုံလောက်က ဆိုင်ကယ်ကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။ ပူတာအိုခရိုင်ထဲက ဝေးခံခေါင်းပါးဒေသတွေကလွဲရင် ကျန်ဒေသတွေမှာ တစ်အိမ်ကို ဆိုင်ကယ်တစ်စီးတော့ အနည်းဆုံးပိုင်ဆိုင်ကြပါတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရဆိုရင် ကချင်ပြည်နယ်ထဲက ဆိုင်ကယ်တွေထဲမှာ လိုင်စင်ရှိတာ ခုနှစ်သောင်းကျော်ပဲရှိတယ်လို့ဆိုပါတယ်။ ကျန်သော လမ်းပေါ်က သိန်းနဲ့ချီတဲ့ဆိုင်ကယ်တွေဟာ လိုင်စင်မဲ့တွေပါ။

ကချင်ပြည်နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေအပြင် ကားတွေလည်းများပြားလာတာကြောင့် ပြည်နယ်အစိုးရက လိုင်စင်မဲ့ဆိုင်ကယ်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ ယာဉ်တိုက်မှုတွေနဲ့ အခြားမှုခင်းတွေကို လိုင်စင်မဲ့ဆိုင်ကယ်တွေ၊ လိုင်စင်မဲ့ကားတွေနဲ့ အသုံးပြုကျူးလွန်နေကြတာကြောင့် ဒီလိုထိန်းချုပ်ဖို့လိုတာကတော့ အမှန်ပါပဲ။

သို့ပေသည့် ပြီးခဲ့တဲ့အပတ်က အစိုးရရဲ့ လိုင်စင်ထုတ်ပေးတဲ့နေရာကို ရောက်လာတဲ့ ဆိုင်ကယ်အရေအတွက်က အင်မတန်နည်းပါးနေပါတယ်။ အစိုးရက နှစ်နှစ်တစ်ကြိမ်လောက် လိုင်စင်ထုတ်ပေးတာတွေ လုပ်နေပေမယ့် လိုင်စင်လုပ်ပေးတဲ့နေရာကို ရောက်မလာကြခြင်းက ဘာကြောင့်လဲဆိုတာ အဖြေရှိပြီးသား မေးခွန်းပါ။

ဆိုင်ကယ်လိုင်စင်မလုပ်သူ အများစုရဲ့ဆန္ဒက သူတို့ပိုင်ဆိုင်တဲ့ ဆိုင်ကယ်ရဲ့ တန်ဖိုးနဲ့စာရင် အခွန်ကြေးက များလွန်းနေတာကြောင့် မလုပ်ကြတာလို့ ဆိုပါတယ်။ သူတို့ပိုင်တဲ့ နှစ်သိန်း၊ သုံးသိန်းတန်ဆိုင်ကယ်အတွက် ခုနှစ်သောင်း၊ ရှစ်သောင်းပေးပြီး လိုင်စင်မလုပ်လိုကြတာပါ။

ဒုတိယအုပ်စုကတော့ အရင်က သူတို့ဆိုင်ကယ်အချို့ကို လိုင်စင်လုပ်ခဲ့ဖူးပေမယ့် လမ်းတွေပေါ် ရောက်တဲ့အခါ လိုင်စင်ရှိခြင်းအတွက် ထူးခြားတဲ့အကျိုးခံစားခွင့်လည်းမရှိ၊ စစ်ဆေးကြပ်မတ်မှုတွေလည်း မရှိတာကြောင့် မထူးဘူး၊ ဖမ်းကာမှဖမ်းရောဆိုတဲ့သဘောနဲ့ မလုပ်ကြတာပါ။

ဒီအချက်တွေက အစိုးရမင်းတွေ ပြန်လည်သုံးသပ်ရမယ့် အဓိကပြဿနာတွေဖြစ်မှာပါ။ ဒီမိုကရေစီခေတ်မှာအခွန်ကောက်ခံခြင်းက အခရာကျတယ်ဆိုပေမယ့် ဘက်မမျှတဲ့ အခွန်ကောက်ခံမှု စနစ်ဟောင်းကို ပြန်လည်ဆန်းစစ်ဖို့ ဘာကြောင့်မကြိုးစားခဲ့တာလဲဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်နေပါတယ်။

ပြည်သူအများစု စည်းကမ်းဘောင်ထဲရောက်လာပြီး ထိန်းချုပ်ရလွယ်ကူသွားစေမယ့်အရေး၊ ဆိုင်ကယ်အများစုထံက အခွန်ငွေတွေ ရရှိလာမယ့်အရေး၊ လမ်းမပေါ်က မှုခင်းတွေ လျော့နည်း ကျဆင်းရေးတို့အတွက် နံပါတ်ပြားမဲ့နေတဲ့ ဆိုင်ကယ်တွေကို နံပါတ်ပြားလေးတွေကိုယ်စီ တပ်ဆင်လာအောင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ရေးသားလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here