ယခင်က ဇန်နဝါရီလ ၁၀ ရက်နေ့ရောက်တိုင်း နှစ်စဉ်နီးပါးကျင်းပခဲ့သည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲသည် လာမည့်နှစ်တွင် ကျင်းပမည့်အရိပ်အယောင်မတွေ့ရသေးပေ။ ယခင်အစိုးရ လက်ထက်က ကျင်းပရေး၊ မကျင်းပရေးအငြင်းပွားသံများကြားတွင် ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်းက ပြတ်သားစွာဆုံးဖြတ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ ကူညီထောက်ပံ့မှုအချို့အပါအဝင် ကျပ်သိန်းထောင်ပေါင်းများစွာ အကုန်အကျခံကာ ကျင်းပခဲ့သည်။
ယခုအစိုးရလက်ထက်တွင်တော့ ပြည်နယ်နေ့အထိမ်းအမှတ်အတွက် မနောပွဲကျင်းပရန်ကြိုးပမ်းမှုကို မတွေ့ရသော်လည်း ထိုနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် လတ်တလောကျင်းပနေသည့် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့တာကို တွေ့ရသည်။ သို့သော်ယင်းအဆိုကို ထောက်ခံသူက နည်းပါးနေပြီး ကန့်ကွက်သူအများစုက အနိုင်ရသွားသဖြင့် မှတ်တမ်းတင်ခြင်းအဆင့်ဖြင့်သာ တစ်ခန်းရပ်သွားခဲ့ပါသည်။
အဆိုပါအဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ တင်ပြသူဘက်ကရော၊ ကန့်ကွက်သူများဘက်ကပါ မှန်ကန်သောလုပ်ဆောင်ချက်ဖြစ်သည်ဟု မြစ်ကြီးနားသတင်းဂျာနယ်က မြင်ပါသည်။
အဘယ့်ကြောင့်ဆိုသော် လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လွှတ်တော်တွင်း အများသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြည်သူအများကောင်းကျိုးအတွက် တင်ပြရန်ရှိသည် များကို ရလိုရငြားတင်ပြခြင်းနှင့် မေးမြန်းခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူဖြစ်သည့်အတွက် ယခုအဆိုကို ရုံးပိတ်ရက်တစ်ရက်အနေဖြင့်သာမဟုတ်ဘဲ အသိမှတ်ပြုမှုတစ်ခုအဖြစ်ပြည်သူ/သားကိုယ်စား တောင်းဆိုခဲ့သည့်အတွက် ဂုဏ်ယူပါသည်။
ကန့််ကွက်သူ အဲန်အယ်လ်ဒီပါတီဝင်အများစုဘက်ကလည်း အစိုးရရုံးပိတ်ရက်လျှော့ချရေးအတွက် ဆောင်ရွက်နေသော ပြည်ထောင်စုအစိုးရ၏မူကို ဆန့်ကျင်ရာမရောက်အောင် ကန့်ကွက်လိုက်ခြင်း ဖြစ်မည်ဟု ယူဆပါသည်။
တင်ပြသူအမတ်မင်းအနေဖြင့် ယခုအဆိုကို မတင်ပြမီကတည်းက ကန့်ကွက်ခံရမည်ကို သိကောင်းသိပါလိမ့်မည်။ မေးမြန်းခြင်းအတွက် စကားအဖတ်တင်သွားမည့်အလုပ်ကို ၎င်းလည်းလုပ်လိုမည် မဟုတ်ပါ။ သူ၏ဆန္ဒတစ်ခုတည်းဖြင့် မေးမြန်းခြင်းလည်းမဟုတ်မူဘဲ အရင်ခေတ်က ပိတ်ပေးခဲ့ဖူးသော အစဉ်အလာကို ပြန်လည်တောင်းဆိုခြင်း၊ တရားဝင်သတ်မှတ်မထားသော်လည်း ထို့နေ့ရောက်လျှင် နားလည်မှုဖြင့် ရုံးများပိတ်ပေးနေခြင်းတို့ကြောင့် တင်သွင်းခဲ့ခြင်းဖြစ်နိုင်ပါသည်။ ထိုသို့မေးမြန်းလိုက်ခြင်းက ပြည်သူ၏သိလိုစိတ်ကို ပြေပျောက်စေပါသည်။
အိမ်သာတစ်လုံးဆောက်ဖို့တောင် ပြည်ထောင်စုအစိုးရကို တင်ပြနေရသည့် ပြည်နယ်လွှတ်တော် အနေဖြင့် ယခုအဆိုကို မကန့်ကွက်ဘဲ ထောက်ခံပြီး အထက်သို့ ဆက်လက်တင်ပြမည် ဆိုပါကလည်း မေးခွန်းက အောင်မြင်နိုင်ချေမရှိပါ။ နှစ်တစ်နှစ်တွင် စနေနှင့် တနင်္ဂနွေရုံးပိတ်ရက်ပေါင်း ၁၀၀ ကျော် (၂၀၁၇ တွင် ၁၀၅ ရက်)ရှိကြောင်း၊ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ဘာသာရေးနေ့များ၊ အမျိုးသားရေးနေ့များ၊ ထုံးတမ်းစဉ်လာနေ့များက ရက်ပေါင်း ၃၀ ခန့်ရှိကြောင်း၊ တစ်နှစ်လျှင် ရက်ပေါင်း ၃၆၅ ရက်ရှိသည့်အနက် ရုံးပိတ်ရက် ၁၃၀ ကျော်ရှိကြောင်း၊ ကချင်ပြည်နယ်နေ့ကိုခွင့်ပြုလိုက်သည်နှင့် ကျန်တိုင်းရင်းသားငါးမျိုးတို့၏ ပြည်နယ်နေ့များကိုလည်း ထည့်သွင်းစဉ်းစားရတော့မည်ဖြစ်ကြောင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆိုလာမည်မှာ မလွဲပါ။
ထို့ကြောင့် အဆိုထောက်ခံသူများကိုရော ကန့်ကွက်သူများကိုပါ မြစ်ကြီးနားသတင်းဂျာနယ်က အပြစ်မမြင်လိုပါ။ လွှတ်တော်များအနေဖြင့် ပြည်သူအများစု၏ဆန္ဒကို အလေးထားပြီးလျှင် ကိုယ်စားလှယ်များကလည်း ပြည်သူများထံမှမှတ်တမ်းယူ၍ ခိုင်မာစွာတင်ပြနိုင်ကြပါစေကြောင်း ခရစ္စမတ်အကြိုဆုတောင်းလိုက်ရပါသည်။
မြစ်ကြီးနားသတင်းဂျာနယ်




