ဇန်နဝါရီ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည့်သူ့ဆေးရုံကြီးအတွင်း ဆောက်လုပ်ပြီးစီးသော အထူး ကြပ်မတ်ကုသဆောင်သစ်၌ ယခင်ကထက် ပိုမိုအဆင့်မြင့်သည့် ခွဲစိတ်ကုသမှုများကို လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်ထံမှ သိရသည်။
အဆိုပါ အဆောင်သစ်တွင် အနီးကပ် စောင့်ကြည့်ရမည့် အထူးလူနာများကို ထားရှိသွားမည်ဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလူနာများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အရိုးရောဂါဆိုင်ရာ အစရှိသော ရောဂါများကို ခံစားနေရသည့် လူနာများကို အဆင့်မြင့် ခွဲစိတ်ခန်းဖြင့် ခွဲစိတ် ကုသပေးသွားမည်ဟု ဒေါက်တာဘုန်းမော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အဆင့်မြင့် ပိုးသတ်ဆေးနဲ့ ခွဲစိတ်ခန်းဖြစ်တဲ့ အတွက်ကြောင့် အဆင့်မြင့်တဲ့ ခွဲစိတ်ကုသမှုတွေ လုပ်လာနိုင်မှာပေါ့။ အရင်ကထက်စာရင် ပိုအဆင်ပြေလာမယ်။ အခန်းက အမြဲတမ်းမလုံလောက်ချင်ဘူး။ တချို့တွေက ရက်ချိန်းပြီးခွဲရတဲ့ အခြေအနေတွေရော ရှိတယ်။ အခုတော့ စောင့်စရာမလိုတော့ဘဲနဲ့ မြန်မြန်ဆန်ဆန် ကုသလာနိုင်မှာပေါ့”ဟု ဒေါက်တာဘုန်းမော်က ရှင်းပြသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် တိုးချဲ့ဆောက်လုပ်သည့် ယင်းအထူးကြပ် မတ်ဆောင်သည် အာရ်စီ ၃ ထပ် အဆောက်အဦဖြစ်ပြီး လူနာတင်ကုတင် (၂၄၀)လုံး ထားရှိသွားမည်ဖြစ်သည်။
အဆောင်ထဲတွင် မသန်စွမ်းလူနာများ သွားလာနိုင်ရန်နေရာ၊ အရေးပေါ်လူနာခန်းများနှင့် ဓာတ်လှေကား(၂)စင်းကိုပါ ထည့်သွင်းထားကြောင်းလည်း သိရသည်။
အထက်ပါ အထူးကြပ်မတ်ဆောင်ကို ၂၀၁၆-၁၇ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့ပြီး ကုန်ကျငွေ ကျပ် ၃၄၁၀.၅၇၆သန်းဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သောကြောင့် မကြာမီအချိန်အတွင်း ဖွင့်လှစ်အသုံးပြုနိုင်တော့မည် ဖြစ်သည်။
Benadeth







