မတ်၊ ၁၀
စက်သုံးဆီတွေ ဂါလန်သိန်းချီ ရောက်လာမှာဖြစ်တဲ့အတွက် ဈေးနှုန်းတွေ မတရားမြှင့်ပြီး မရောင်းချဖို့ စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် ပြောလိုက်ပါတယ်။
မတ်လ ၉ ရက်နေ့က မြစ်ကြီးနားမြို့မှာ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန် အဲဒီလိုပြောခဲ့တာလို့ စစ်ကော်မရှင်ရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲကို 92RON- ၁၅၀,၀၀၀ ဂါလန်၊ PHSD(ပရီမီယံဒီဇယ်) – ၄၅၈,၈၂၀ ဂါလန်နဲ့ သံပုရာကန်ဆီ ၁၁၃,၁၅၀ ဂါလန် ရောက်ရှိလာမှာဖြစ်တယ်လို့ ဦးခက်ထိန်နန်က ပြောခဲ့တာပါ။
ဒါ့ကြောင့် စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာနဲ့ ဈေးနှုန်းမြင့်တင်ပြီး ရောင်းချတာတွေ လုံးဝလုပ်ဖို့နဲ့ စည်းကမ်းဖောက်ဖျက်ရင် အရေးယူဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဆီလက်ကျန်ရှိပြီး အရောင်းရပ်ထားရင်လည်း အရောင်းဆိုင်လိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ကြီးနားက ဆီဆိုင်တွေ ပြန်ဖွင့်နေကြပေမဲ့ ဆီဈေးနှုန်းတွေတော့ မြင့်တက်နေဆဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ် ။
“ဟုတ်တယ် ဆီဈေးပဲတက်သွားတာ။ ဆီကတော့ ပုံမှန်ထည့်လို့ရတယ်။ ဒါပေမဲ့ မနက်ဖြန်တော့ ဘယ်လို လာမလဲမသိဘူးလေနော်။ မြစ်ကြီးနားက အမြဲတမ်း အခြေအနေက တစ်ရက်ပြီးတစ်ရက် ပြောင်းနေတော့ လောလောဆယ်က ဒီနေ့အထိကတော့ ပုံမှန်ထည့်လို့ရတယ်။“အထက်ပါမြို့ခံက ဆက်ပြောပါတယ်။
မြစ်ကြီးနားမြို့က ဆီဈေးနှုန်းတွေကတော့ ဓာတ်ဆီတစ်လီတာကျပ် တစ်သောင်းဝန်းကျင်ရှိပြီး လမ်းဘေးတွေမှာ ချရောင်းတဲ့ ဆီဆိုင်အသေးတွေမှာတော့ တစ်လီတာ ကျပ်တစ်သောင်းနဲ့ တစ်သောင်းကျော်ကြား ရှိနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ကတော့ မြစ်ကြီးနားရဲ့ ရည်ညွှန်းလက်ဆီ စက်သုံးဆီဈေးတွေကို တစ်လီတာ ကျပ် ၄,၅၀၀ ကနေ ၅,၀၀၀ ကြား သတ်မှတ်ထားတာဖြစ်ပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လောင်စာဆီ တင်သွင်းတဲ့ သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားတွေဖြစ်ပေါ်လာတဲ့နောက် စက်သုံးဆီဖူလုံမှုရှိရေး အကျပ်အတည်းကို နိုင်ငံတွေအများစု ကြုံနေရတာပါ။
စစ်ကော်မရှင်ဘက်ကတော့ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက်နဲ့ ဖူလုံမှုရှိအောင် ဆိုပြီး မော်တော်ယာဉ်တွေကို စုံရက် ၊ မရက် ခွဲပြီးတော့ တစ်ရက်ခြား မောင်းနှင်အသုံးပြုရမယ်လို့ မတ်လ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။







