မြစ်ကြီးနားမြို့တွင် Quarantine ဝင်နေသူများ အခက်အခဲဖြစ်နေ

696

စက်တင်ဘာ ၂၁

မြစ်ကြီးနားမြို့တွင် Quarantine ဝင်နေသူများ အခက်အခဲ ဖြစ်နေသောကြောင့် အလှူရှင်လိုအပ်နေကြောင်း Covid-19 ကူညီပေးရေး (မြစ်ကြီးနား အခြေပြု)အဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ကွာရန်တင်း ဝင်ရမည့်သူများသည် မိမိစရိတ်နှင့်မိမိ ကွာရန်တင်း (၁၄)ရက် ဝင်ရမည်ဖြစ်ပြီး စားစရိတ် အတွက် မတတ်နိုင်သူများ ရှိနေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
Quarantine ဝင်နေသူများတွင် တရုတ်နိုင်ငံမှ ထောင်ကျပြီး ပြန်ထွက်လာသည့် သူများလည်း ပါသောကြောင့် ထိုသူတို့အတွက် အခက်အခဲ များစွာရှိနေကြောင်း မြစ်ကြီးနား ပညာရေးကောလိပ်တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူနေသည့် ဦးတင်မောင်ဆွေက ပြောသည်။

“နယ်ပေါင်းစုံက လူတွေ၊ ခရီးက ပြန်လာတဲ့သူတွေ၊ အိမ်ကို မပြန်နိုင်တဲ့သူတွေ၊ တချို့က တရုတ်ပြည်မှာ ထောင်ကျပြီး ပြန်လာတဲ့သူတွေဆိုတော့ ပိုက်ဆံလည်း မပါဘူး၊ ထမင်းမကျွေးဘူးဆိုရင် ဘယ်လိုနေရမှာလဲဆိုပြီး ပြောလာကြတော့ ခက်နေတယ်”ဟု ဦးတင်မောင်ဆွေက ပြောသည်။

ယခုကဲ့သို့ ခက်ခဲမှုများရှိနေသောကြောင့် Covid-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြုအဖွဲ့မှ စတင်ကာ မြစ်ကြီးနားမြို့တွင် ကွာရန်တင်း ဝင်နေသူများအတွက် နေ့လည်စာနှင့် ညစာကို တာဝန်ယူပေးနေကြောင်းသိရသည်။
မိမိစရိတ်နှင့် မိမိ ကွာရန်တင်း ဝင်ရမည်ဆိုလျှင် အဆင်မပြေသူများ ရှိနေသည့်အတွက် ကွာရန်တင်းမဝင်သူများ ရှိလာနိုင်ပြီး ပြင်ပမှာ ရောဂါကူးစက်မှု တွေ ဖြစ်လာနိုင်သောကြောင့် အချင်းချင်း ကူညီသင့်ကြောင်း Covid-19 ကူညီပေးရေး (မြစ်ကြီးနားအခြေပြု)အဖွဲ့မှ ကိုခွန်မြတ်မင်းအောင်က မြစ်ကြီးနားဂျာနယ်ကို ယခုကဲ့သို့ ပြောသည်။

“Quarantine ဝင်တယ်ဆိုတာ ကိုယ့်ကြောင့်တစ်ပါးသူတွေ ကူးစက်မှာ ကြောက်လို့ ကိုယ့် အသိစိတ်ဓာတ်နဲ့ လာဝင်ကြတာလေ။ အခုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်စားရမယ်ဆိုတော့ အဆင်မပြေတဲ့ သူတွေက မလာရဲတော့ဘူးဆိုရင်၊ ထွက်ပြေးမယ်ဆိုရင် အခြားသူတွေဒုက္ခရောက်မှာစိုးရတယ်”ဟု ကိုခွန်မြတ်မင်းအောင်က ပြောသည်။

စက်တင်ဘာလ (၁၆)ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည်ဆိုလျှင် မိမိစရိတ်နှင့် မိမိ ကွာရန်တင်းဝင်ရမှာ ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရကနေ ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်တွင် Quarantine ဝင်နေသူ စုစုပေါင်း (၁၉၀၅)ဦးရှိပြီး မြစ်ကြီးနားမြို့နယ်တွင် ကွာရန်တင်းဝင်နေသူ (၂၂၃)ဦး ရှိကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ စက်တင်ဘာလ (၂၁)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဂျာဒွဲ

LEAVE A REPLY

Please enter your comment!
Please enter your name here