ဇွန် ၂၃
နိုင်ငံတော် အစိုးရက မြစ်ကြီးနားမြို့အတွက် လျှပ်စစ်မီတာယူနစ် ကင်းလွတ်ခွင့်ကို ဧပြီလနှင့် မေလအတွက် ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ဇွန်လအတွက် မီတာယူနစ်ကင်းလွတ်ခွင့် ပေးရန်မှာ မသေချာသေးကြောင်း သိရသည်။
“ဇွန်လအတွက်တော့ အစိုးရက ညွှန်ကြားချက်မလာသေးဘူး။ ပေးမယ်လို့တော့ကြားတယ်။ သိပ်တော့မသေချာဘူး”ဟု ဘူဂါးလျှပ်စစ်ဓာတ်အားပေး လုပ်ငန်းက ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဆိုင်းမိုင်က ပြောသည်။
နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဆက်လက်ဖြစ်ပွားနေသည်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေလအတွက် တစ်အိမ်ထောင်လျှင် လျှပ်စစ်မီတာ (၁၅၀)ယူနစ်ကို ကင်းလွတ်ခွင့် ပေးခဲ့သည်။
မြစ်ကြီးနားမြို့နယ်ရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် မေလအတွက်လည်း လျှပ်စစ် ဓာတ်အား မီတာခ(၁၅၀)ယူနစ်ကို ထပ်မံကင်းလွတ်ခွင့် ရရှိပြီး ဖြစ်ကြောင်း ဘူဂါးလျှပ်စစ်ဓာတ်အားပေး လုပ်ငန်းက ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဆိုင်းမိုင်က ပြောသည်။
ကင်းလွှတ်ခွင့် ရသူများတွင် နိုင်ငံသား၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွှတ်ပေးခဲ့ပြီး သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွက် ပါရှိခြင်းမရှိကြောင်း တင်ပြချက်တွင် ပါရှိထားသည်။
နိုင်ငံတော် အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧပြီလကလည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုမီတာ (၁၅၀)ယူနစ်ကို ကင်းလွှတ်ခွင့်ပေးခဲ့ပြီး မြစ်ကြီးနားမြို့နယ်အတွင်း မီတာကင်းလွှတ်ခွင့် ရရှိခဲ့သည့် စုစုပေါင်း ယူနစ်(၄၁)သိန်းကျော် ရှိခဲ့ကြောင်း၊ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရုံးရှိ မန်နေဂျာ ဦးလအောင်ထံမှ သိရသည်။
နိုင်ငံတော်အစိုးရထံမှ လျှပ်စစ်ဓာတ်အား မီတာတစ်ယူနစ်လျှင် (၁၀၀) ကျပ်နှုန်းဖြင့် ဘူးဂါးလျှပ်စစ် ဓာတ်အားပေးစက်ရုံကမှဝယ်ယူပြီး ပြည်နယ်အတွင်းရှိ အများပြည်သူများကို တစ်ယူနစ်လျှင် အိမ်သုံး အတွက် (၁၁၀)ကျပ်၊ စီးပွားရေးလုပ်ငန်းသုံးအတွက် (၁၅၀)ကျပ်၊ အစိုးရဌာန ဆိုင်ရာများ၊ ဘာသာ၊ သာသနာရေးအဖွဲ့များနှင့် လမ်းမီးများအတွက် (၉၀)ကျပ်ဖြင့် ပြန်လည်ရောင်းချပေးကြောင်း သိရသည်။
မွန်းမွန်းပန်







