မြစ်ကြီးနားမြို့အထွက် (၂၁) မိုင်စုပေါင်း စစ်ဆေးရေးဂိတ်ကို KIA သွားရောက်တိုက်ခိုက်

768
မြစ်ကြီးနားမြို့အဝင်-၂၁ မိုင်ဂိတ်

မတ်၊၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထွက် နမ္မတီးမြို့အဝင်အနီးရှိ (၂၁)မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယနေ့မနက်(၅)နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်တပ် အပြန်အလှန် (၁)နာရီ ဝန်းကျင်ခန့် ပစ်ခတ်ကြပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် နှစ်ခေါက် စစ်ကူ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“(၅)နာရီထိုးခါနီးကနေ ပစ်ကြတာ။ (၁)နာရီလောက် ကြာတယ်။ လေယာဉ်နဲ့ (၂)ခေါက်လောက်လာပြီး ပစ်သွားတယ်။ စစ်သားတွေရော၊ ရဲတွေရော ရှိတယ် အဲဒီမှာက” ဟု ၎င်းက ပြောသည်။

လက်ရှိ မြစ်ကြီးနားဘက်မှ စစ်ကား(၂)စီးဖြင့် စစ်ကူများ ဖြတ်သွားသည်ကို တွေ့ရသောကြောင့်အနီးအနားတွင် နေထိုင်သည့် ပြည်သူများမှာ ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီမနက်ကတော့ လေယာဉ်နဲ့ရော သံချပ်ကာကားကနေ အမြှောက်နဲ့ ပါပစ်တာ။ ဂြိုလ်တု ဖြတ်သွားသလိုပဲ။ အရင်ကလို ခဏပဲ မဟုတ်ဘူး။ ဒုန်းဒုန်းနဲ့ ကြောက်စရာ အရမ်းကောင်းတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်နေချိန် ဖြတ်သန်းမိသည် ကြက်စာတင် ကားတစ်စီးနှင့်အတူ ယာဉ်မောင်တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ လမ်းမပေါ်တွင် (၂၁)မိုင် ဂိတ်ဖြတ်ရန် ကားများ လမ်းမပေါ်တစ်‌လျှောက် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နယ်မြေသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်ရင်း(၁၁)နယ်မြေဖြစ်ကြောင်းလည်း သိရသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here