မြစ်ကြီးနား ကက်သလစ်သာသနာမှ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဆပ်ကပ်လိုသူများကို ခေါ်ယူ

3755

မြစ်ကြီးနား၊ မတ်၃၀

လက်ရှိ ကူးစက်ဖြစ်ပွားလျက်ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် မြစ်ကြီးနား ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဆပ်ကပ်လိုသူ (Volunteer) များကို အရေးပေါ် ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကာကွယ်တားဆီးနိုင်ရန် အရေးပေါ် လိုအပ်နေပြီ ဖြစ်သောကြောင့် မြစ်ကြီးနား ကက်သလစ်ဂိုဏ်းအုပ်သာသနာအတွင်း မတ်လ ၂၄ရက်နေ့က COVID-19 ကူညီစောင့်ရှောက်ရေးအဖွဲ့ကို အတည်ပြုဖွဲ့စည်းပြီးနောက် ယခုကဲ့သို့ ဆပ်ကပ်သူများကို စတင်ခေါ်ယူခြင်း ဖြစ်သည်။

ဆပ်ကပ်သူများသည် အသက်၁၈နှစ်မှ ၅၀နှစ်အတွင်းရှိ ရမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးနည်းပညာနှင့် ပစ္စည်းများ ဝေငှပေးခြင်းတို့ဖြင့် ပါဝင်ဆပ်ကပ်ရမည် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို လုပ်ငန်းမစတင်မီ COVID-19 ကာကွယ်ရေးနည်းပညာများကို ဦးစွာ သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပေးပြီးနောက်တွင် ဆေးရုံများတွင် လူအင်အား အကူအညီလိုအပ်သည်ဖြစ်စေ ၊ ဆေးများဖြန်းခြင်း နှင့် ကာကွယ်ရေးပစ္စည်းများ ဝေငှခြင်းတို့ကို လုပ်ဆောင်နိုင်ရန် ကက်သလစ်အသင်းတော်အနေဖြင့် တစ်ဖက်တစ်လှမ်းမှ ကူညီသွားရန် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဖာသာရ် Noel နော်လတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

”သူတို့အတွက်ရော အသက်အန္တရာယ်က အရေးကြီးတယ်။ရောဂါ နဲ့ ပတ်သက်ပြီး ဘယ်လိုကိုယ်တွယ်လုပ်ရတယ်ဆိုတာ သင်တန်းအရင် ပေးသွားမယ်။ သင်တန်းတွေ ခံယူပြီးမှ ကာကွယ်ရေး ဗဟုသုတတွေ အားလုံးရပြီးပြီဆိုရင် လိုအပ်တဲ့ နေရာတွေမှာ ကူညီသွားမယ်။ လိုအပ်လို့ရှိရင် အဆင်သင့် လုပ်ထားတာပါ။”ဟု ဖာသာရ်နော်လတ်က ပြောသည်။

ဆပ်ကပ်သူများအတွက်လည်း ကျန်းမာရေးဝန်ထမ်းသုံး PPE ဝတ်စုံများနှင့် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများကိုလည်း ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းကို လူစုလူဝေးဖြင့် မပြုလုပ်ဘဲ အွန်လိုင်းဖြင့် လည်းကောင်း၊ လူနည်းစုဖြင့် လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖာသာရ်နော်လတ်က ဆိုသည်။ ၎င်းအဖွဲ့သည် သက်ဆိုင်ရာ အားကစားနှင့် ကျန်းမာရေးဌာန အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ Unicef အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုနှင့် စေတနာအလှူရှင်များ၏ ဝေမျှ လှူဒါန်းပံ့ပိုးမှုဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းတော်ရှိ ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်မည့် သူတော်စင်ဂိုဏ်းများ၊ မိခင်၊ ဖခင်နှင့် လူငယ်မောင်မယ်များကို ဆပ်ကပ်ပါဝင်ရန် ဖိတ်ခေါ်လိုကြောင်း ဖာသာရ်လနူးက ဆိုသည်။

“လာရောက် တက်ရောက်တဲ့ ဆပ်ကပ်သူတွေထဲက ကိုယ့်ရဲ့ သာသာနာအသင်းအလိုက် ပြန်ဦးဆောင်သွားမယ်။ ဇုံအလိုက် အသိပညာပေးတွေ လုပ်သွားရမယ်။ ဆပ်ကပ်မဲ့ သူတွေအနေနဲ့ စွန့်လွှတ်အနစ်နာခံလိုတဲ့ သူတွေ ဖြစ်ဖို့ လိုတယ်။ ဆပ်ကပ်ခြင်းဟာလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်တယ်။ အားလုံး အတူတကွ ပါဝင်ပြီးမှ ကျွန်တော်တို့ရဲ့ တိုင်းပြည်၊ လူမျိုး၊ လူသားထုတွေကို ကာကွယ်ကြရအောင်လို့ ပြောချင်ပါတယ်။ လူမျိုး၊ ဘာသာ ကန့်သတ်ထားတာ မရှိပါဘူး။ အားလုံးပါဝင် ဆပ်ကပ်နိုင်ပါတယ်။”ဟု ဖာသာရ်လနူးက ပြောသည်။

ဆပ်ကပ်မည့်သူများကို လူဦးရေ(၅၀)ဦး သတ်မှတ်ထားပြီး မိမိ၏ အသိစိတ်တရားဖြင့် ကိုယ်တိုင် ဆပ်ကပ်လိုသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း နှင့် လက်ရှိ မတ်လ ၃၀ ရက်နေ့အထိ စာရင်းပေးထားသူ ၁၀ ဦးရှိနေပြီး ပါဝင်လိုသူများအနေဖြင့် ဖာသာရ် ဂျိုးဇက်လနူး-၀၉၇၇၄၄၀၅၉၂၁၊ ဦးဂျိုးဇက်မြတ်စိုးလတ်- ၀၉၅၀၈၀၇၆၃၊ မဆန်ရာ- ၀၉၇၈၅၉၄၆၅၀၅ သို့ ဆက်သွယ်ကာ အမည်စာရင်းများကို ပေးသွင်းနိုင်ကြောင်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here