မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် သုံးရေအတွက် အခက်ကြုံနေ

552
တီယန်ဇွပ်ကျေးရွာ

မတ်၊၁၅

မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် တောတောင်များမှ သွယ်တန်းယူသည့် ရေများခမ်းလာသောကြောင့် ‌ဒေသခံပြည်သူများ သုံးရေအတွက် အခက်ကြုံနေရကြောင်း သိရသည်။

မတ်လဆန်းမှ စ၍ ရေစတင်ခမ်းလာခြင်း ဖြစ်ပြီးလက်ရှိ ရေအနည်းငယ်သာ ထွက်သည့် ပိုက်လိုင်းများတွင် နေ့စဉ်နှင့်အမျှ ရေကို လုယူနေရသည့် အဖြစ်နှင့် ကြုံနေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အရင်က စီးနေတဲ့ဟာက မစီးတော့ဘူး။ ခမ်းသွားတာပေါ့။ ဒီနှစ်က ပိုစောပြီး ခမ်းတာ။ ရေချိုးဖို့ဆို ရန်တောင် ဖြစ်ရတယ်။ တောထဲက ချောင်းကနေ ကျတဲ့ ရေပေါ့။ မိုးရွာရင်တော့ အဆင်ပြေတာ ဟုတ်တယ်။ ရေတွင်းလည်း တူးလို့မရဘူး နေရာက။ ဧပြီဆို ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။ ရွာထိပ်တွေမှာ သောက်သုံးရေတွေ လိုက်ရှာရနဲ့။ နှစ်တိုင်း ဖြစ်ပေမဲ့ ဒီလောက်ထိ မဆိုးဖူးဘူး။ ရွာနဲ့ (၅)မိုင်လောက် ဝေးတဲ့ နေရာမှာတော့ ရေရှိတယ်။ ခုက ဖြစ်သလို တစ်ပုံး၊ နှစ်ပုံးနဲ့ သုံးနေရတယ်။ မနေ့ညနေ စပြီး ရေလိုက်စုနေရတယ်။ ရေသွယ်တဲ့ ပိုက်တွေ ရှိပေမဲ့ အလုံအလောက် ရတဲ့ အခြေအနေ မရှိဘူး။ လုပြီး သုံးနေရတယ်။”ဟု ၎င်းက ဆိုသည်။

အနီးတွင် ဧရာဝတီမြစ်ရေ ရှိသော်လည်း ရွှေတူးဖော်မှုများကြောင့် ရေညစ်ညမ်း၍ သုံးစွဲရန် အဆင်မပြေကြောင်းလည်း ဒေသခံက ဆိုသည်။

ယခုနှစ်တွင် အရင်နှစ်များထက် ရေခမ်းသည့် ဒဏ်ကို လပိုစော၍ ကြုံတွေ့လာရသောကြောင့် လာမည့် ဧပြီလတွင် အခြေအနေ ပိုဆိုးလာနိုင်‌သောကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

တီယန်ဇွပ်ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်၊ လူဦးရေ တစ်ထောင်လောက်ရှိကြောင်းလည်း သိရသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here