ယခုတစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ ကချင်ပြည်နယ်က နိုင်ငံတကာ Miss International Teen Of The Year 2018 အလှမယ်လေးတစ်ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။ သူက လော်ဝေါ်တိုင်းရင်းသူ အလှမယ်လေးတစ်ယောက်ဖြစ်ပြီး သူ့နာမည်က လဒွမ်လွမ်းနောလို့ ခေါ်ပါတယ်။

သူမဟာ လော်ဝေါ်တိုင်းရင်းသူတွေထဲမှာ ပဉ္စမမြောက်အလှမယ်ဖြစ်ပေမယ့် နိုင်ငံတကာ အလှမယ်လောကကို ပထမဆုံးခြေချခဲ့တဲ့ သူလို့ဆိုရမှာပါ။ သူက မတ်လ ၃၁ ရက်နေ့က ဝိုင်းမော်မှာ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက် လော်ဝေါ်ရိုးရာစာပေနှင့် ယဉ်ကျေးမှုပွဲတော်မှာ အလှနတ်သမီးဆုကို ရရှိခဲ့ရာကနေ နိုင်ငံတကာပွဲအထိ တက်လှမ်းခဲ့သူလေးပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Mister and Miss International Teen of The Year ပြိုင်ပွဲကို မြန်မာကိုယ်စား သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ Winner ဆုရခဲ့တာပါ။ သူကတော့ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ နယ်မြေ (၂)မှာနေထိုင်ပြီး ဦးလဒွမ်ထောလွမ်း နဲ့ ဒေါ်သန်းသန်းဝင်းတို့က မွေးဖွားတဲ့မွေးချင်း ငါးယောက်မှာ ဒုတိယမြောက်သမီး ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး လာမယ့်အဝေးသင်တက္ကသိုလ်ကျောင်းဖွင့်ရင် သင်္ချာ မေဂျာ ပထမနှစ်တက်ရောက်ဖု့ိ ပြင်ဆင်နေသူလေးပါ။
ဒါကြောင့် ကချင်ပြည်နယ်အတွင်းက စာဖတ်သူပရိသတ်များကို နုပျိုတက်<ကတဲ့ ဆယ်ကျော်သက် လော်ဝေါ်တိုင်းရင်းသူ အလှမယ်လေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်။

ပထမဆုံးအနေနဲ့ ညီမရဲ့နာမည်အပြည့်အစုံကို မိတ်ဆက်ပေးပါဦး။
လဒွမ်လွမ်းနောဖြစ်ပါတယ်။ ညီမ မွေးသက္ကရာဇ်က ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။
ဒီပွဲကို သွားပြိုင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်ကို ပြောပြပေးစေချင်ပါတယ်။
ဝိုင်းမော်မှာလုပ်တဲ့ အလှနတ်သား/အလှနတ်သမီး ပွဲမှာ ပထမဆု အလှနတ်သမီးဆုကိုရရှိခဲ့တာပါ။ အဲလိုအလှနတ်သမီး ပထမဆုနောက်မှာ နိုင်ငံတကာပြိုင်ပွဲကို ဆက်ပြိုင်ဖို့ နောက်မှာ ချိတ်ပါလာခဲ့တယ်။ ပြောရမယ်ဆိုရင် ကျောင်းတွေမှာ King နဲ့ Queen ရွေးသလို လော်ဝေါ်ရိုးရာယဉ်ကျေးမှုအဖွဲ့ကလည်း ဒီ ၄၄ ကြိမ်မြောက်ပွဲမှာ အလှနတ်သား/အလှနတ်သမီးကို ရွေးခဲ့တယ်။ ဒီလိုနဲ့ ဆက်ပြိုင်ဖြစ်ခဲ့တာ Miss International Teen of Myanmar ကနေ နိုင်ငံတကာပြိုင်ပွဲကို ချိတ်ဆက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ Teen Show သွားပြိုင်ခဲ့တာပါ။
အဲဒီမှာ နိုင်ငံပေါင်း ဘယ်နှနိုင်ငံလောက်ပြိုင်ရလဲ။ ဘယ်လိုဆုမျိုး ရရှိခဲ့သေးလဲ။
အဲဒီမှာတော့ နိုင်ငံပေါင်း ၄၀ က ကိုယ်စားပြုတွေနဲ့ ထပ်ပြီးယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီမှာလည်း ညီမက ပထမဆုဖြစ်တဲ့ Winner ဆုကိုထပ်ရခဲ့ပါတယ်။
နိုင်ငံခြားမှာသွားပြိုင်ရတဲ့အခါ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသေးလဲ။ ဘာအတွေ့အကြုံတွေ့ရလဲ။
ညီမအနေနဲ့ ပထမဆုံးကြုံတွေ့ရတာကတော့ မိတ်ကပ်တွေ ကိုယ့်ဟာနဲ့ကိုယ် လိမ်းရတာပဲ။ အိမ်မှာ နေရင်က မိတ်ကပ်က ကိုယ့်ဟာကိုယ် လုံးဝမပြင်ဘူးပေါ့နော်။ မိတ်ကပ်ကလုံး၀ မကြိုက်တဲ့အထဲမှာ ပါတယ်။ အဲဒါကိုယ့်ဟာကိုယ် တစ်ယောက်တည်း မိတ်ကပ်တွေ စပြင်ရတယ်။ ကိုယ့်ဟာနဲ့ကိုယ် ကျန်တာတွေလည်း တစ်ယောက်တည်း လုပ်ရတယ်။ နေတာထိုင်တာကအစ တစ်ယောက်တည်း နေရတယ်။ ညီမအတွက် အခက်အခဲဆုံးပြဿနာကို ပြောပါဆိုရင်ကတော့ မိတ်ကပ်ပြင်ရတဲ့ ပြဿနာ လို့ဆိုရမှာပါပဲ။
အဲလိုအခက်အခဲတွေကြုံတွေ့ရတော့ ဘယ်လိုကြိုးစားပြီးဆက်ပြိုင်ခဲ့လဲ။
အားလုံးကိုဖြည်းဖြည်းချင်း ပြင်ဆင်ယူခဲ့ရတယ်။ မိတ်ကပ်ပြင်တဲ့နေရာတွေ၊ လမ်းလျှောက်တဲ့နေရာတွေကအစ အကုန်လုံးကို ဖြည်းဖြည်းချင်းပြင်ဆင်ခဲ့ရတယ်။ နောက်ပြီးစကားပြောတာ၊ နေတာထိုင်တာကအစ သူများတွေဘယ်လိုနေထိုင်လဲ၊ ဆရာဆရာမတွေက ဘယ်လိုကြိုက်တယ်၊ လူငယ်ဖြစ်တော့ ဖော်ဖော်ရွေရွေဆက်ဆံတာကအစ ပြင်ဆင်ခဲ့ရပါတယ်။
နောက်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ မတူတဲ့ အခက်အခဲတွေ ဘာများရင်ဆိုင်ခဲ့ရသေးလဲ။
သူတို့ကကျတော့ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားက သူတို့ဘာသာစကားလို ဖြစ်နေတော့ မြန်လည်း မြန်တယ်။ ညီမတို့အတွက်ကျတော့ ဒါက ကိုယ့်ဘာသာစကားမဟုတ်ခဲ့တော့ အဲ့ဒါတစ်ခုတော့ ခက်ခဲတယ်။ ကျန်တာကတော့ မတူတဲ့အခက်အခဲက မရှိသလောက်ပါ။ အဝတ်အစားတွေဆိုရင်လည်း သူတို့နိုင်ငံမှာက စနစ်တကျနဲ့။ အကုန်လုံးတစ်ခုမကျန် စနစ်တကျရှိတယ်။ အရမ်းကိုစနစ်ကျပါတယ်။
အခုဆိုရင် နိုင်ငံတကာဆုတွေလည်း ရလာခဲ့ပြီ၊ နာမည်တစ်ခုကလည်းရလာခဲ့ပြီဆိုတော့ ရှေ့ဆက် လျှောက်လှမ်းမယ့် ညီမရဲ့ အလှမယ်ခရီးကိုလည်း ပရိသတ်ကသိချင်မှာပဲ ပြောပြပေးပါဦး။
အခုဆိုရင် ညီမကအဝေးသင် ကျောင်းတက်ရဦးမယ်ဆိုတော့ ပညာရေးဘက်ကို အချိန်တစ်လလောက်တော့ ပေးရဦးမယ်။ ကျောင်းပြီးတာနဲ့ အနုပညာအလုပ်ကို တောက်လျှောက် လုပ်သွားဖို့လည်း ရှိပါတယ်။
ကချင်ပြည်နယ်အတွက်ကိုကော ဘာတွေလုပ်ဆောင်သွားမယ်လို့ စိတ်ကူးဖြစ်သေးလဲ။ ဖြေလို့ရရင်ဖြေပေးပါ။ ညီမက အခုမှ ဆယ်ကျော်သက် ပထမနှစ်ကျောင်းသူလေးပဲ ဆိုတော့ ရုတ်တရက်ပြောဖို့ အဆင်မပြေရင်လည်း ရပါတယ်။
အခု လောလောဆယ်တော့ ကျောင်းလည်းတက်ရမယ်ဆိုတော့ ကျောင်းစာလည်း ကြိုးစားရမယ်။ အခုကချင်ပြည်နယ်ကလူတချို့က စစ်ဘေးကြောင့် စစ်ရှောင်စခန်းတွေမှာ ရောက်နေတယ်။ ဒါကိုတော့ တတ်နိုင်တဲ့ဘက်နေ တတ်နိုင်တဲ့အင်အားနဲ့ သူတို့ကိုကူညီဖို့ ကြိုးစားချင်တဲ့စိတ်ကူးတော့ရှိတယ်။
ကချင်ပြည်နယ်က နောက်ထပ်ပြိုင်မယ့် Miss ညီမလေးတွေအတွက် တစ်ခုခုပြောပေးပါလား။
ညီမအနေနဲ့ ပြောချင်တာကတော့ ဘာပဲလုပ်လုပ် ကြိုးစားကြဖို့ပါပဲ။ မလျှော့ကြပါနဲ့လို့ အဲဒါ တစ်ခုပဲ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဘုရားကို မမေ့ဖို့ပေါ့။
အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့ ညီမလဒွမ်လွမ်းနောကို မြစ်ကြီးနားသတင်းဂျာနယ်က အထူးကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ရှင့်။ ညီမကလည်း စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးတဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကို ကျေးဇူးတင်ပါတယ်။







