အခြေခံပညာ ကျောင်းသူ။သားများသည် လာမည့် ပညာသင်နှစ်အတွက် မေလ ၂၅ ရက်မှ စတင်ကာ ကျောင်းအပ်နှံရတော့မည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
မူလတန်းမှ အထက်တန်းဆင့်အထိ ကျောင်းအပ်နှံရာတွင် ယခင်နှစ်က အတန်းအောင် လက်မှတ်သာ ယူဆောင်လာရန် လိုအပ်ပြီး ငွေကြေးတစ်စုံတစ်ရာ ပေးဆောင်ရန်မလိုအပ်ဘဲ အခမဲ့ အပ်နှံနိုင်မည်ဖြစ်ကာ ပုံနှိပ်စာအုပ်များကိုလည်း အခမဲ့ ပေးဝေသွားမည်ဖြစ်သည့်အပြင် မူလတန်း ကျောင်းသားများကို ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်စီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းပြောင်းလာမည့် ကျောင်းသားများသည် TC (ကျောင်းပြောင်းလက်မှတ်)နှင့် CPR (အရည်အချင်းစစ်လက်မှတ်)တို့နှင့်တကွ လာရောက်အပ်နှံရမည်ဖြစ်ကာ အစိုးရမဟုတ်သော ပုဂ္ဂလိက ကျောင်းများမှ အောင်မြင်ထားပြီး အစိုးရကျောင်းသို့ ကျောင်းပြောင်းလိုသူများသည် အရည်အချင်းစစ် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယခုစာသင်နှစ်တွင် ဒုတိယတန်းနှင့် ပဉ္စမတန်းကို သင်ရိုးသစ်ဖြင့် သင်ကြားသွားမည်ဖြစ်ရာ သင်ရိုးညွှန်းတမ်းအသစ်တွင် အလွတ်ကျက်မှတ်ရသည့် စနစ်မဟုတ်ဘဲ စဉ်းစားတွေးခေါ်မှုစွမ်းရည်၊ တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်စေမည့် သင်ရိုးများကို သင်ကြားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။
ထို့အပြင် ယခုနှစ်တွင် စတင်သင်ကြားမည့် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် တိုင်းရင်းသားစာပေ သင်ရိုးမူကြမ်းတို့ကို မေလ တတိယပတ်အတွင်း အစိုးရအဖွဲ့၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသား မိဘများကို တင်ပြအတည်ပြုပြီး သင်ကြားရေး ဆရာများကို ကျောင်းဖွင့်ချိန်အမီ သင်တန်းများပို့ချကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် Grade 5,9,11 မှ လွဲ၍ ကျန်အတန်းများသည် ၂၀၂၀ မတ်လ ၃၁ ရက်အထိ တက်ရောက်ရမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ တရားဝင်စာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
Ann







