မတ်၊၂၆
ဗန်းမော်မြို့မှာရှိတဲ့ ရောဘတ်စစ်ရှောင်စခန်းအနီးက စစ်ကောင်စီတပ်စခန်းကနေ ညစဉ်လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ တခြားစစ်ရှောင်စခန်းနဲ့ စခန်းပြင်ပမှာ သွားရောက်နေထိုင်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အပြီးထွက်သွားကြတာမျိုးတော့ မဟုတ်ဘဲ လက်နက်ကြီးသံမကြားရ၊ မပစ်တဲ့ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ သွားအိပ်ကြတာမျိုး လုပ်နေကြတာလို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
” ညတိုင်းပစ်နေတော့ ကြောက်တယ်လေ။ ကြောက်တော့ ညတိုင်းအိပ်ရေးပျက်၊ အစားတွေက ပြန်မစားချင်၊ နေမကောင်းတာတွေက ပြန်ဖြစ်လာတော့ တစ်ညလောက်ဖြစ်ဖြစ်၊ တစ်ပတ်ဖြစ်ဖြစ် ထွက်အိပ်တဲ့သဘောမျိုး ဖြစ်တယ်။ ပြောင်းရွှေ့သွားတဲ့ သဘောတော့မဟုတ်ဘူး။“လို့ ဆိုပါတယ်။
ရောဘတ်စစ်ရှောင်စခန်းဟာ ညတိုင်းလက်နက်ကြီးတွေပစ်နေတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရေအိုင်တစ်ခုပဲ ခြားတဲ့အတွက် စိုးရိမ်မှုတွေရှိနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကနေ မတ်လ ၉ ရက်နေ့ညကလည်း စစ်ရှောင်စခန်းအတွင်း လူဝင်ဖမ်းတဲ့ ကိစ္စဖြစ်ပွားခဲ့တဲ့နောက် စစ်ရှောင်အများစုဟာ စိုးရိမ်ကြောက်လန့်စိတ်တွေ ဖြစ်သွားခဲ့တာလို့လည်း စစ်ရှောင်နောက်တစ်ဦးက ပြောပါတယ်။
“အဲဒါကို စိုးရိမ်လို့ ကျွန်တော်တို့ရောဘတ်စစ်ရှောင်စခန်းက လူတွေက တခြားစစ်ရှောင်စခန်းကို ပြောင်းတဲ့သူတွေ များနေတယ်။”လို့ အထက်ပါစစ်ရှောင်က ဆိုပါတယ်။
တချို့စစ်ရှောင်တွေကတော့ မဲခေါင်စစ်ရှောင်စခန်းဘက်ကို လက်မှတ်နဲ့အတူ ပြောင်းရွှေ့သွားကြပြီး တချို့ကတော့ မြို့ထဲက အသိမိတ်ဆွေတွေဆီ အကူအညီယူပြီး အိမ်ခန်းငှားနေကြတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်စခန်းကနေ အပြီးထွက်သွားကြတဲ့သူတွေကတော့ World Food Programme(WFP) က လစဉ်ထောက်ပံ့ပေးထားတဲ့ ထောက်ပံ့ကြေးတွေ ရရှိတော့မှာ မဟုတ်တော့ဘူးလို့လည်း သိရပါတယ်။
စစ်ကြီးမပြီးဆုံးသေးသ၍ ဒေသခံပြည်သူတွေဟာ အဲဒီစစ်ရှောင်စခန်းမှာပဲ ရှေ့ဆက်ပြီး ခိုလှုံနေထိုင်ကြရဦးမှာ ဖြစ်တဲ့အတွက် လုံခြုံစွာနေထိုင်နိုင်ဖို့ ကူညီပေးစေလိုတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်ခရိုင်အတွင်း လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ရွာပေါင်း ၅၀ ကျော်ကနေ ရောက်ရှိလာသူတွေဖြစ်ပါတယ်။
ရောဘတ်စခန်းဟာ ဗန်းမော်မြို့အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်း ၉ ခုထဲက အကြီးဆုံးစစ်ရှောင်စခန်းကြီး တစ်ခုဖြစ်ပြီး ခိုလှုံနေတဲ့ အိမ်ခြေ ၂၀၀ နီးပါးနဲ့ လူဦးရေ ၃,၂၀၀ ကျော်ရှိပါတယ်။







