ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်တွင် မူဆယ်ဘက်မှ လာသည့် စစ်ယာဉ်တန်းအား KIA မှ ပုခုံးထမ်းလက်နက်ကြီး များဖြင့် ပစ်ခတ်

1128
KIA_Soldier-RPG

မေ၊၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဟူနောင်ကျေးရွာ နှင့် နမ်ကွဒ်ကျေးရွာကြားတွင် မူဆယ်ဘက်မှ ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဘက်မှ လက်နက်ကြီးများဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မူဆယ်မြို့မှ စစ်အင်အားဖြည့်တင်းရန် ကွတ်ခိုင်ဘက်သို့ ကွတ်ခိုင် – မန္တလေး လမ်းမပေါ် ယာဉ်လိုင်းပြေးဆွဲလေ့ရှိသည့် ခရီးသည်တင်ယာဉ်များဖြင့် မေလ (၁၆) ရက်နေ့ ည (၁၁) နာရီအချိန်ခန့်တွင် ဆင်းလာသည့် ကား (၄) စီးအား KIA တပ်ရင်း (၈) ဘက်မှ RPG၊ ပုခုံးထမ်းလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကားသမား (၃) ဦး သေဆုံးပြီး ကား (၃) စီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကွတ်ခိုင်ဘက်ကို မူဆယ်ဘက်က ကား (၄) စီး ဆင်းလာတာကို တပ်ရင်း (၈) တွေ စောင့်ပစ်တာတဲ့။ ည (၁၁) နာရီခွဲ အချိန်မှာ လူအင်အား ဖြည့်တင်းဖို့လာတာ ကား (၃) စီး ထိသွားတာ။ ဆင်းလာတာက များတော့ များတယ်။ (၄) စီးတွဲမှာ ပစ်လိုက်တော့ (၃) စီးက လောင်သွားတာ။ ကျန်တာတွေက ကွတ်ခိုင်ရောက်ပြီ။ (၃) စီးက ထိပြီး လမ်းမှာ လောင်နေတယ်” ဟု ဒေသခံက ဆိုသည်။

(၃) ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ အယောက် (၂၀) ခန့် သေဆုံးခဲ့ကြောင်း ဒေသခံက ဆက်လက်ပြောသည်။

“ တက်ခဲ့တုန်းကတော့ စစ်ကားတွေနဲ့ ဟုတ်တယ် ဒါပေမယ့် (၂) ရက်၊ (၃) ရက်ဆက်တိုက်ပစ်ခံရတော့ မူဆယ်ကနေ လူအင်အားဖြည့်တင်းတဲ့ သဘောနဲ့ ဆင်းလာတာဟုတ်တယ်။ အဲဒီနေရာမှာပဲ ခဏခဏဖြစ်တာဟုတ်တယ်။ သေတာလည်း ဒီတစ်လောမှာကို (၂၀) လောက်ရှိပြီ။ မနေ့ညလည်း (၁၀) ယောက်လောက်တော့ ရှိတယ်။ ” ဟု ဒေသခံက ဆိုသည်။

ဖြစ်ပွါးသည့်နေရာမှာ နမ်ကွဒ်ကျေးရွာနှင့် (၁) မိုင်လောက်သာ ကွာဝေးပြီး အဆိုပါနေရာတွင် မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့က KIA တပ်ရင်း (၉) က စောင့်ကြိုပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ခရီးသည်တင်ယာဉ်ဖြင့် လူအင်အားအလုံးအရင်း ထက်မံ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here