ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေဖြင့်လာမည့်ရွေးကောက်ပွဲတွင်ကချင်ပြည်နယ် အတွင်း မဲဆန္ဒနယ် (၁၂) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

1260

သြဂုတ် ၁၁

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်(၁၂)မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်တစ်နေရာအပါအဝင် မံစီ၊ မိုးမောက်၊ မိုးကောင်း၊ ဝိုင်းမော် စသည့် မြို့နယ်အတွင်းက မဲဆန္ဒနယ် (၁၂)နေရာမှာဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မိုးမောက်မြို့နယ် ပြည်သူ့လွတ်တော်တွင် ဒေါ်သိန်းမြင့်၊ ပြည်နယ်(၁)တွင် စိုင်းဝင်းမြင့်၊ ပြည်နယ် (၂)တွင် ဦးလောဖျန်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးဆွန်လျို့၊ ပြည်နယ်(၁)တွင် ဦးဆိုင်းအင်၊ ပြည်နယ်(၂)တွင် ဦးဖာပေါင်း၊ မံစီမြို့နယ် ပြည်သူ့လွှတ်တော်တွင် စိုင်းဇင်မင်းအေး၊ ပြည်နယ် (၂)တွင် ဦးအေးမင်းနှင့် ပြည်နယ်(၁)မှာ ဒေါ်မူဟောမ်တို့ ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း အနိုင်ရခဲ့မည်ဆိုပါက ကချင်ပြည်နယ်အတွက် လုပ်ဆောင်ပေးသွားမည့် အကြောင်းအရာများကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးစိုင်းကျော်သီဟက ရှင်းပြသည်။

“ကျွန်ုပ်တို့ ဒီ Policy Developing လုပ်လာတာ နှစ်နှစ်ရှိပြီပေါ့နော်။ ကျွန်တော်တို့ Policy Developing သေချာလုပ်ခဲ့ပြီးမှ Issue(၁၉)ခုရှိတယ်။ တစ်ခုခြင်းစီ ဖော်ဆောင်သွားပြီး SNLD အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့။ ကချင်ပြည်နယ် အနေနဲ့ကတော့ အထူးသဖြင့် ကျွန်တော်တို့ ဦးစားပေးလုပ်သွားမှာက ရပ်ရွာလူထုအတွက် အမှီအခိုကင်းတဲ့ စီပွားရေး ရပ်တည်ဖို့ ပုံစံ ပေါ်ပေါက်လာအောင် ဖော်ဆောင်သွားမှာဖြစ်တယ်”ဟု ဦးစိုင်းကျော်သီဟက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNLD ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ် လောင်း(၁၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီး(၂၉)ရာခိုင်နှုန်း၊ အသက် (၃၅) နှစ်အောက် လူငယ် (၂၄) ရာခိုင်နှုန်း၊ (၃၆)နှစ်နဲ့ (၅၅)နှစ်ကြား (၆၁) ရာခိုင်နှုန်းရာခိုင်နှုန်း၊ (၅၅)နှစ် အထက် (၁၄) ရာခိုင်နှုန်းတို့ ပါဝင်ပြီး ခေတ်ပညာတတ်ဘွဲ့ရများ၊ အများအကျိုးသယ်ပိုးဆောင်ရွက်လိုစိတ် ရှိသူများနှင့် အများယုံကြည် အားထားရသူများကို ဦးစားပေး ရွေးချယ်ထားကြောင်းလည်း သိရသည်။
အက်စတာ

LEAVE A REPLY

Please enter your comment!
Please enter your name here