လဘန်ကျေးရွာက စစ်ရှောင်စခန်းမှာ ရေလုံလောက်မှုမရှိတာကြောင့် ဧရာဝတီမြစ်ရေအသုံးပြုနေရပြီး အရေပြားရောဂါဖြစ်ပွားမှုရှိလာ

204

 

ဧပြီ၊၄

ဝိုင်းမော်မြို့၊ လဘန်ကျေးရွာက စစ်ရှောင်စခန်းမှာ ရေလုံလောက်မှုမရှိတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကို အသုံးပြုနေကြရပြီး အယောက် ၃၀ ဝန်းကျင်လောက် အရေပြားရောဂါ ဖြစ်နေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက ကြားသိရပါတယ်။

စစ်ရှောင် အယောက် ၆၀၀ ကျော်နေထိုင်ထဲ့ အထက်ပါ စစ်ရှောင်စခန်းမှာ မီးလာတဲ့အချိန် ဘုရားကျောင်းကနေ လွှတ်ပေးတဲ့ရေရရှိပေမဲ့ ရေချိုးခွင့်နဲ့ ခြေလက်ဆေးခွင့် မပေးထားတဲ့အတွက် ဧရာဝတီမြစ်ကိုပဲ အားထားနေကြရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

အခုက ဧရာဝတီမြစ်ရေချိုးတဲ့သူတွေက ယားနာတွေ၊ ပွေးတွေဖြစ်နေကြပြီ။ များသောအားဖြင့် ချောင်းဆိုးတာတွေလည်း စဖြစ်နေကြပြီ။” လို့ ဆိုပါတယ်။

ဒါ့အပြင် ဘုရားကျောင်းကနေပြီး စစ်ရှောင်တွေ ထမင်းဟင်းချက်ပြုတ်စားသောက်ဖို့အတွက် လျှပ်စစ်မီးလာချိန် လွှတ်ပေးတဲ့ရေကလည်း မီးမကြာခဏပျက်တာကြောင့် အိမ်တိုင်းမရရှိကြဘူးလို့လည်း ဆက်လက်ပြောပါတယ်။

ဧရာဝတီမြစ်ရေကိုတော့ ရေချိုးဖို့နဲ့ အိုးခွက်၊ ပန်းကန်တွေဆေးတာ၊ အဝတ်လျှော်တာတွေကို စရောက်ချိန်က ပြုလုပ်နိုင်ကြပေမဲ့ အခုချိန်မှာ ရေအရမ်းနောက်သွားတဲ့အတွက် တချို့က အသုံးမပြုတော့ဘူး။ တချို့က မတတ်နိုင်တော့ အသုံးပြုနေကြသေးတယ်။” လို့ အထက်ပါစစ်ရှောင်က ဆိုပါတယ်။

သောက်သုံးရေကို အရင်စခန်းတစ်ခုလုံးတွက် တစ်ရက်ဗူး ၂၀ ( ၂၀ လီတာဗူးကြီး) သာရရှိတဲ့အတွက် လုံလောက်မှုမရှိဘဲ မနေ့ ဧပြီလ ၃ ရက်နေ့မှာ ရေသန့်ဗူး ၁၀၀ လာရောက်ကူညီပေးတဲ့အတွက် ဒီရက်ပိုင်းအဆင်ပြေပြီလို့လည်း သိရပါတယ်။

အဲဒီစစ်ရှောင်အိမ်ခြေ ၂၀၀ နီးပါးဟာ အောင်မြေ(၂) ကျေးရွာမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာကနေ တိမ်းရှောင်လာကြတာဖြစ်ပြီး တချို့ဗုဒ္ဓဘာသာဝင်တွေကတော့ ဝိုင်းမော်မြို့က ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။

စစ်ရှောင်တွေဟာ လဘန်ကျေးရွာက KBC အသင်းတော်ရဲ့ သစ်သီးခြံထဲမှာ မိသားစုအနည်းအများပေါ်မူတည်ပြီး ၈ ပေပတ်လည်၊ ၉ ပေပတ်လည်လောက်ရှိတဲ့ မိုးကာတဲတွေဆောက်ပြီး ခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။

မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မြစ်ကြီးနား- ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ခဲ့ရတာပါ။

လက်ရှိအချိန်မှာတော့ ထိုးစစ် တစ်လနီးပါးအချိန်မှာ စစ်ကောင်စီရဲ့ စခန်း ၆၀ ထက်မနည်းကို KIA က သိမ်းပိုက်ထားပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here