လုံရှာယန်စစ်‌ရှောင်များ နေရပ်ပြန်ကြပြီ ဖြစ်သော်လည်း ဆွမ်ပီယန် စစ်ရှောင်များ နေရပ်မပြန်ကြသေး

600
ဓါတ်ပုံ- လုံရှာယန် စစ်ရှောင်ပြည်သူများ စစ်ရှောင်ခဲ့စဉ်က ( RVA - Rawang)

ဖေဖော်ဝါရီ၊၁၄

ကချင်ပြည်နယ်၊ ပူတာအို မြို့နယ် လုံရှာယန်ကျေးရွာရှိ ပြည်သူများ စစ်ရေးအခြေအနေအရ ထွက်ပြေးတိမ်း‌‌ရှောင်နေရာမှ မိမိတို့ နေရပ်ကို ပြန်လည်နေထိုင်နေကြပြီ ဖြစ်သော်လည်း ဆွမ်ပီယန်ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် လုံရှာယန် ပြည်သူထောင်ချီသည် လက်ရှိ စစ်ရေးအ‌ခြေအနေ ငြိမ်နေပြီး စား၀တ်နေရေး အခက်အခဲများကြောင့် မိမိနေရပ်သို့ ပြန်သွားကြခြင်း ဖြစ်ပြီး စစ်ရေးပြန်လည် တင်းမာလာပါက တိမ်းရှောင်ရန် သတိဖြင့် နေထိုင်‌နေကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“(၁၂)ရက်နေ့ကနေ အကုန် ပြန်ပြီ။ ဒါပေမဲ့ ဘယ်တော့ ပြန်ဖြစ်မယ် မသိတော့ သတိနဲ့ နေနေကြရတယ်။ အဆင်သင့်တော့ လုပ်ထားပြီပေါ့။ ပြေးဖို့ အချိန်ကို စောင့်ပြီး နေနေကြရတာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဆွမ်ပီယန်ကျေးရွာနေ ပြည်သူ(၂၀၀)ကျော်ခန့်က မြစ်ကြီးနားမြို့ရှိ နီးစပ်ရာ ဆွေမျိုးများဆီ သွားရောက် တိမ်းရှောင်နေကြသော်လည်း ဒေသခံပြည်သူ(၉၀၀)ကျော်က စစ်ပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အပြင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲမည်ကိုလည်း စိုးရိမ်သောကြောင့် ဘေးလွတ်ရာ တော‌‌တောင်များတွင်သာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောသည်။

” (၉၀၀)ကျော်က မပြန်နိုင်သေးဘူး။ ရှောင်နေဆဲပဲ။ မိုးကာလေးနဲ့ ဆောက်ပြီး နေနေကြရတယ်။ စပါးစေ့ တွေကို ထောင်းစားပြီး နေနေကြရတယ်။ အဆင်ပြေသလို နေနေကြရပါတယ်”ဟု ၎င်းက ဆိုသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဖေဖော်ဝါရီလ (၁) ရက်နေ့က ဆွမ်ပီယန်ကျေးရွာနှင့် လုံရှာယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်မှ Jet Figther လေယာဥ် (၂) စင်းဖြင့် လာရောက်ဗုံးကြဲခဲ့‌သောကြောင့် ပြည်သူများ ထိခိုက်မှု ရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည့်အပြင် ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here