ဝိုင်းမော်မြို့က ၅၈ တပ်ရင်းဘက် စစ်ကောင်စီအင်အားတိုးချဲ့၊ ပြည်သူ့စစ်ဂိတ် ပတ်ပတ်လည်ကိုလည်း ကတုတ်ကျင်းတူးနေ

175

 

ဇူလိုင်၊၁၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအတွင်းက ပြည်သူ့စစ်ဂိတ်စခန်းနဲ့ ဝိုင်းမော် ၅၈ တပ်ရင်းဘက် စစ်ကောင်စီတပ်သားအင်အား တိုးထားတဲ့အပြင် ဝူယန်ဂိတ်ပတ်ပတ်လည် ကတုတ်ကျင်းတွေ တူးနေကြတယ်လို့ KIA သတင်းအရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။

ဆင်ဘိုမြို့သိမ်းတိုက်ပွဲအတွင်းက တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနဘက်ကလို့ ယူဆရတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြား အခုရက်ပိုင်းမှာ ကားကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ဝူယန်ဂိတ်စခန်းနဲ့ ၅၈ တပ်ရင်းဘက် အင်အားတိုးချဲ့တာတွေ လုပ်ဆောင်ထားတယ်လို့ KIA သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

နေ့တိုင်းကို လူအင်အား တိုးလာတာ။ ဆင်ဘိုက တပ်ဆုတ်သွားတဲ့သူတွေရော တောင်ကုန်းဘက်ကရော အကုန်လုံး ဝူယန်နဲ့ ၅၈ မှာ အကုန်စုထားကြပြီ။ ကားအကြီးတွေနဲ့ပဲ လာပို့ထားတာ။ အင်အားဘယ်လောက်ရှိပြီလဲ မရေတွက်နိုင်တော့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကနေ အခုလို ဝိုင်းမော်မြို့အတွင်း အင်အားတိုးချဲ့လာတာဟာ ဝိုင်းမော်မြို့ လက်မလွှတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့လည်း အထက်ပါ KIA သတင်းအရင်းအမြစ်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဝိုင်းမော်မြို့အတွင်း စစ်ကောင်စီတပ်သားအင်အား ခန့်မှန်းခြေ ထောင်ဂဏန်းရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ကနေစပြီး ဝူယန်ဂိတ်စခန်း ခြံစည်းရိုးအပြင် ပတ်ပတ်လည်တစ်လျှောက်ကို ဘက်ဟိုးတစ်စီးနဲ့ ကတုတ်ကျင်းတူးတာတွေလုပ်ဆောင်နေတယ်လို့လည်း ဝိုင်းမော် ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဝူယန်ဂိတ်ကို ရှောင်တဲ့လမ်းတွေဘက် ကတုတ်ကျင်းတွေ တူးနေတာ။ ကားလမ်းမှာတော့ မဟုတ်ဘူး။ သူတို့ စခန်းကနေ ရွာမလမ်းဘက် ဝင်တဲ့လမ်းကြားဘက် တူးနေတာ။ ဝူယန်ဂိတ်ကိုကာထားတဲ့ အပြင်ဘက် ပတ်ပတ်လည်မှာပေါ့။ ဒီမနက်ကနေ တူးနေတာ ညနေပိုင်းအထိပဲ။ လူတစ်ယောက် အရပ်စာလောက် ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

အထက်ပါ ဝိုင်းမော် ဒေသခံရဲ့ ပြောပြချက်အရ ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းကနေ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို တားဆီးမေးမြန်းတာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဂိတ်ပိတ်ရင် ဖြတ်လို့မရဘူး။ ဂိတ်ဖွင့်ရင်တော့ ဖြတ်ပေါ့။ ဘယ်သွားမယ်၊ ဘယ်လာမယ်တော့ မေးတာပေါ့“လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က မြစ်ကြီးနားမြို့ကနေ တစ်ဖက်ကမ်း ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိပေမဲ့ ဇူလိုင်လဆန်းပိုင်းက မြစ်ကြီးနားမြို့အတွင်း ရေကြီးရေလျှံဖြစ်ပြီးနောက်ပိုင်း ပစ်ခတ်မှုရပ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီလို ရပ်တန့်သွားတဲ့နောက်ကနေ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ညမှာတော့ တစ်ဖန်ပြန်လည် ပစ်ခတ်တာတွေ ရှိလာတယ်လို့လည်း မြစ်ကြီးနားဒေသခံတစ်ဦးဆီကနေ သိရှိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မတ်လ ၇ ရက်နေ့က ကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲအတွင်း (KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီတပ်စခန်းကြီးတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိတဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာလည်း မေလအစောပိုင်းကနေစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ကနေ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရပြီး စစ်ရေးအရ အရေးပါတဲ့ ဝိုင်းမော်မြို့နယ်အတွင်းက ဂိဒေါန်(Gi Don)တပ်စခန်းကြီးအပြင် ဆမားကုန်း၊ ပုန်းလိမ်၊ ကဂမ်၊ အင်ခရမ် စတဲ့ စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA က သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here