ဝိုင်းမော်မြို့နယ်တွင် တရုတ်ငှက်ပျောခြံများ တိုးချဲ့လုပ်ကိုင်လာမှုကြောင့် ဒေသထွက် သီးနှံများစိုက်ပျိုးမှု လျော့နည်းလာ

4071

ဝိုင်းမော်မြို့နယ်တွင် ငှက်ပျောစိုက်ပျိုးရေးကုမ္ပဏီ အများအပြား ဝင်ရောက်လာပြီး ဒေသခံတို့၏ လယ်ယာများငှားရမ်းကာ တိုးချဲ့စိုက်ပျိုးလာမှုကြောင့် ဒေသထွက်ပြောင်းဖူးစိုက်ခင်းများ တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကြောင်း သိရသည်။
ယခင်က စန်းကားကျေးရွာတွင် တစ်နှစ်လျင် နှစ်ကြိမ်ခန့် ပြောင်းဖူးခင်းများ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် စိုက်ပျိုးထုတ်လုပ်မှု ထက်ဝက်ခန့်် လျော့နည်းသွားသည်ဟု စန်းကားကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိ စန်းကားကျေးရွာတဝိုက်တွင် ငှက်ပျောဧကပေါင်း တစ်သောင်းကျော်ခန့်ရှိနေပြီး ပြောင်းခင်းဧကမှာ ၎င်းင်းထက်ဝက်ခန့်ပင်မရှိတော့ကြောင်း အုပ်ချုပ်ရေးမှူးဦးဒေါင်ခေါင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

china tissue banana


“အရင်တုန်းကတော့ စန်းကားနယ်မှာ အခင်းအားလုံးနီးပါးက ပြောင်းခင်းတွေပဲ။ ဧကထောင်ချီပြီး ရှိတာပေါ့။ အခုကတော့ တရုတ်တွေ ဝင်လာပြီးနောက်ပိုင်းမှာ အခင်းတွေငှားလိုက်လို့ တစ်ဝက်လောက်တောင် မရှိတော့ဘူး”ဟု ဦးဒေါင်ခေါင်ကပြောသည်။

ထိုသို့ နည်းပါးလာခြင်းမှာ အမြတ်အစွန်းနည်းပါးသော ထွန်ယက်စိုက်ပျိုးမှုများထက် အပင်ပန်းခံစရာမလိုဘဲ တစ်နှစ်လျင် တစ်ဧက ၅သိန်း၊ ၆ သိန်းရသည့် နှစ်ပြတ်စာချုပ် ချုပ်ဆိုငှားရမ်းမှုများကြောင့် ဖြစ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် တစ်လုံးတစ်ခဲတည်းရသည့် တရုတ်တို့ပေးငွေက မိသားစုစားဝတ်နေရေးကို လတ်တလော ပိုမိုအဆင်ပြေနေစေသောကြောင့် ဖြစ်ကြောင်း ဒေသခံပြောင်းခင်းပိုင်ရှင် ဦးငွါးဆာက သူ့အမြင်ကို ပြော သည်။

“သီးနှံတွေစိုက်တာက နွားနဲ့ပဲထွန်ရတယ်ဆိုတော့ ဘယ်လောက်မှ မကျန်ဘူး၊ ဒီတရုတ်တွေ ဝင်လာတော့ သူတို့က တစ်နှစ်ကိုတစ်ဧက ၅ သိန်း၊ ၆ သိန်းလောက်ပေးတယ်ဆိုတော့ ဧကများရင် ၂ နှစ်ကို သိန်း ၃၀၀၊ ၄၀၀ လောက်ရတယ်။ အခုဆိုရင် အိမ်မဆောက်နိုင်သူတွေက အိမ်ဆောက် ကားမဝယ်နိုင်တဲ့သူတွေက ကားဝယ်နိုင်ပြီပေါ့။ ကျွန်တော်လည်း ငှါးမလားလို့ စဉ်းစားနေတာ”ဟု ဦးငွါးဆာက ပြောသည်။

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် စန်းကားရွာတွင် ဒေသခံတောင်သူအချို့က ၎င်းတို့ပိုင်သည့်မြေများကို မငှားရမ်းချင်ကြသော်လည်း လယ်နီးနားချင်းတို့က ငှားရမ်းလိုက်သဖြင့် ငှားရမ်းပေးလိုက်ရသူများလည်း ရှိကြောင်း တောင်သူဦးဘောမ်တိန့်က ရှင်းပြပြောဆိုသည်။

“အခု ဘေးပတ်ဝန်းကျင်အားလုံး ငှားလိုက်ပြီဆိုတော့ ကိုယ်တစ်ယောက်တည်း အလယ်မှာ နေရရင် ဝင်ပေါက်ထွက်ပေါက် မရှိဘူးပေါ့၊ နွားကျောင်းလည်းခက်တယ်၊ သူများတွေ ငှားတယ်ဆိုတော့ ကိုယ်လည်းငှား ရတာပေါ့”ဟု မြေပိုင်ရှင် ဦးဘောမ်တိန့်က ပြောသည်။

ပြောင်းစိုက်ပျိုး လုပ်ကိုင်ခြင်းသည် အချိန်ကုန်လူပင်ပန်း၍ အမြတ်အစွန်းနည်းပါးသော်လည်း မိမိတို့ပိုင်သည့်မြေယာများကို တရုတ်တို့ထံငှားရမ်းရန် အစီအစဉ်မရှိကြောင်း၊ ရှိနှင့်ပြီးသားမြေယာတွင် မိသားစုနှင့်အတူ အေးချမ်းစွာ လုပ်ကိုင်စားသောက်လိုကြောင်း ပြောင်းခင်း ၁၂ ဧကပိုင်ရှင်ဒေါ်တီနာက ပြောသည်။

“အန်တီတို့ကတော့ ဒီပြောင်းခင်းကို တရုတ်တွေကို ငှားဖို့အစီအစဉ်မရှိဘူး။ အန်တီတို့ အခင်းက ၁၂ ဧက ရှိတာဆိုတော့ တစ်ခါစိုက်ရင် ဆယ်သိန်းကျော်လောက် ရင်းပြီး တစ်ဝက်လောက်တော့ ပြန်မြတ်တယ်။ အချိန်ကုန် လူပန်းတယ်ဆိုပေမဲ့ ငှားဖို့တော့ အစီအစဉ်မရှိဘူး”ဟု ဒေါ်တီနာက ပြောသည်။

စန်းကားကျေးရွာတွင် တရုတ်ကုမ္ပဏီများဝင်ရောက်၍ငှက်ပျောပင်အမြောက်အမြား လာရောက် စိုက်ပျိုးရာတွင် မြေယာများ ငှားရမ်းပေးသော တောင်သူများအနေဖြင့် နောင်နှစ်များတွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ပြောင်းဖူးဒိုင် ဦးထွန်းထွန်းက ပြောသည်။

“စန်းကားဘက်မှာ ဒီငှက်ပျောပင်စိုက်တာကလည်း ဟိုမြေငှားပေးတဲ့ တောင်သူတွေဆိုရင် နောက် ၅ နှစ်၊ ၆ နှစ်မှာသူတို့ရဲ့အခြေအနေ ဆိုးရွားသွားနိုင်တယ်။ အဲ့ဒီငှက်ပျောပင်မှာသုံးတဲ့ ဓာတ်မြေသြဇာတွေကြောင့် တချို့နေရာတွေဆို မြက်ပင်တွေတောင် မပေါက်တော့ဘူး၊ နောက်ဆို သူတို့ခွက်ဆွဲပြီး တောင်းစားရမယ့်အဆင့်ထိ ရောက်နိုင်တယ်”ဟု ဦးထွန်းထွန်းကပြောသည်။

ယခုအခါ စန်းကားကျေးရွာတဝိုက်တွင် တရုတ်ငှက်ပျောကုမ္ပဏီငယ် အများအပြားရှိပြီး ထိန်မင်း၊ စင်ကြိုင်၊ ဆွတ်ဘွမ်၊ ဖိုးပြည့်လျှံ ကုမ္ပဏီကြီးလေးခုမှ အဓိကထိန်းချုပ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Ann/ Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here