ဝိုင်းမော်မြို့နယ်တွင် ရေပိုက်ကိစ္စအချင်းများရာမှ နှစ်လောင်းပြိုင်လူသတ်မှု သေဒဏ်ကျခံရနိုင်သည့် ပုဒ်မများဖြင့် စွဲချက်တင်ထား

1265

မေလ
ဝိုင်းမော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုမှာ သေဒဏ်ကျခံရနိုင်သောအမှုဖြင့် တိုင်တန်းထားကြောင်း တရားလိုဘက်မှအမှုကို လိုက်ပါ ဆောင်ရွက်မေးနေသည့် အထက်တန်းရှေ့နေ ဦးလွင်ထူးကိုက ပြောသည်။

လွန်ခဲသည့် မေလ ၇ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၅) လမ်းမပေါ် သွယ်တန်းထားသည့် ရေပိုက်ကိစ္စနှင့်ပတ်သက်ပြီးအိမ်နီးနားချင်း မိသားစုနှစ်စု အချင်းများရာမှ ဖြစ်ပွားခဲ့သော ယင်းအမှုတွင် ကျူးလွန်သူများအနေဖြင့် ပုဒ်မ၃၀၂(ခ)အရ ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားမည်ဆိုလျှင် သေဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း ဦးလွင်ထူးကိုက ပြောသည်။

“သူကျသင့်ရမယ့် ပြစ်ဒဏ်က ၃၀၂ (ခ) အရသေဒဏ်ပဲ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါကို ကျွန်တော်တို့ပြောချင်တယ်။ လူ ၂ယောက်သတ်ထားတော့ဘယ်လိုမှ ငြင်းလို့မရတော့ဘူး။ သတ်တဲ့လူပဲ အပြစ်ရှိတာ မဟုတ်ဘူး။ အားပေးကူညီတဲ့လူရော အပြစ်ရှိတယ်”ဟု ဦးလွင်ထူးကိုကဆိုသည်။

ရာဇသတ်ကြီးပုဒ်မ ၁၁၄အရ ပြစ်မှုကျူးလွန်သူနှင့်အတူ အားပေးကူညီသည့် သူလည်း ပြစ်မှုကျူးလွန်သူနှင့်အတူ ပြစ်မှုခံရမည်ဖြစ်ကြောင်း ရှေ့နေက ဆက်လက်ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တရားလိုဘက်မှ မျက်မြင်သက်သေ ထွက်ဆိုနိုင်ရန်အတွက် အခက်အခဲရှိသော်လည်းကျူးလွန်သူတွေကို ဥပဒေပါ အခွင့်အရေးအတိုင်း နစ်နာသူဘက်မှ တရားမျှတအောင် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ဦးလွင်ထူးကိုက ဆက်လက်ပြောသည်။

ဦးလွင်ထူးကို (အထက်တန်းရှေ့နေ)

“မျက်မြင်သက်သေ တော်တော်များများ ရှိသော်ငြားလည်း ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ထွက်ဆိုရမှာ ကြောက်ကြတယ်ပေါ့နော်။ မပြောရဲဘူး။အန္တရာယ်ပြုမှာ ကြောက်ကြတယ်။ ကျွန်တော်က ဥပဒေပေါင်ထဲကနေပြီးတော့ နှစ်နာသူတွေရဲ့ အခွင့်အရေးကို ဥပဒေပေါင်ကနေ အပြည့်အဝရအောင် လုပ်မှာဖြစ်ပါတယ်”ဟု ဦးလွင်ထူးကိုက ဆိုသည်။
အထက်ပါအမှုနှင့်ပတ်သက်ပြီး အသတ်ခံရသည့် မိသားစုဘက်မှ မိမိတို့ခံစားသလိုမျိုး အမှုကိုမျှတသည့် တရားစီရင်မှုမျိုး ရရှိလိုကြောင်း သေဆုံးသူ၏ သမီးဖြစ်သူမ မျိုးသန္တာဌေးက ပြောသည်။

“ကျွန်မအနေနဲ့ ကျွန်မအမေနဲ့အဖေဆုံးရှုံးရတယ်ပေါ့နော်။ ကျွန်မအမလည်းသေလုမျောပါး ခံစားရတယ်။ အဲ့ဒါကြောင့်မျှတမှု လိုချင်ပါတယ်။ မျှမျှတတ ကျွန်မတို့မိသားစု ခံစားရသလိုမျိုး မျှမျှတတလေးဖြစ်ဖို့ပဲလိုအပ်တယ်”ဟု မမျိုးသန္တာဌေးက တောင်းဆိုသည်။

မေလ ၇ ရက်နေ့ကမိသားစုနှစ်စုသည် အိမ်ရှေ့လမ်းအားဖြတ်ပြီး သွယ်တန်းထားသည့် ရေပိုက်ကို ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့်အတွက် ပိုက်ဖုံးအုပ်ထားသောနေရာမှ သွားလာပေးရန်နှင့် ပိုက်အလွတ်နေရာမှ မဖြတ်ကျော်ပေးရန် ပြောဆိုရာမှ အချင်းများခဲ့ကြခြင်းဖြစ်ပြီး မိဘနှစ်ပါး သေဆုံးခဲ့ရသည့်အထိ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မမျိုးသန္တာဌေးထံမှသိရသည်။

“အဲ့ဒီလမ်းကနေ သူက(ရေပိုက်) ဖြတ်ကြိတ်တယ်။ အဲ့ဒါကြောင့် ကျွန်မမောင်လေးက မဖြတ်ပေးဖို့ သူတို့ကိုပြောတာသူက အရှေ့ဖက်ကိုထွက်သွားပြီး ပြန်လာတယ်။ ပြန်လာပြီးပြန်ကြိတ်တယ်။ ထပ်ချည်းတစ်လဲလဲကြိတ်တယ်။ အဲ့ဒါကြောင့် မကျော်ပေးဖို့ ကျွန်မမောင်လေးက ပြောတာကို မင်းကဘာလူပါးဝတာလဲဆိုပြီး တစ်ယောက်တစ်ခွန်းပြောကြရင်းနဲ့ ကျွန်မအမေကြားလို့ ထွက်သွားပြီးတော့ ကျွန်မသားပြောတာ မှားတယ် တောင်းပန်ပြီး ကောင်းမွန်ပြောလိုက်တယ်”ဟု မမျိုးသန္တာဌေးက ပြောသည်။

ယင်းသို့တောင်းပန်ပြီး နောက် မမျိုးသန္တာဌေးနေအိမ်သို့ သွယ်တန်းထားသည့် ရေပိုက်ကို တစ်ရပ်ကွက်ထဲနေ ဖိုးလုံး(ခ)ရဲနိုင်ထွန်းက ညနေ ၅ နာရီခွဲ အချိန်တွင် ဆိုင်ကယ်ဖြတ်မောင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီးမမျိုးသန္တဌေး၏ မောင်ဖြစ်သူ ဇင်မင်းသူနှင့် စကားများခဲ့ရာမှ စတင်ကာ ဖိုးလုံး(ခ) ရဲနိုင်ထွန်း၊ ဖိုးပြုံး(ခ) ပြုံးမောင်မောင်တို့ ဓားတစ်ယောက်တစ်ချောင်းစီ ကိုင်ဆောင်လာသော ဂေါ်ညက်(ခ) မျိုးသန်းဦး၊ ဦးမောင်အေးတို့မှ ရေပိုက်အား ခုတ်ဖြတ်ခဲ့ကြောင်း ဝိုင်းမော်ရဲစခန်း၏ မှတ်တမ်းအရသိရသည်။

ယင်းနောက် ည ၇နာရီခွဲအချိန်တွင် ဂေါ်ညက်(ခ) မျိုးသန်းဦးက ဓားမြောင်၁ ချောင်း၊ ဖိုးလုံး(ခ) ရဲမင်းထွန်း၊ ဦးမောင်အေးနှင့် ဖိုးပြုံး(ခ)ပြုံးမောင်မောင်တို့က ဓားရှည် ၁ ချောင်းစီ၊ ဒေါ်သိန်းဝယ်က တုတ် ၁ ချောင်း၊ ဓားရှည် ၁ ချောင်း၊ဖိုးလုံး(ခ) ပြည့်စုံအောင်ကကျောက်ခဲ စသဖြင့် ကိုင်ဆောင်လာကြပြီး မမျိုးသန္တာဌေးတို့ မိသားစုနေထိုင်သော နေအိမ်ခြံဝန်းရှေ့ကို ရောက်ရှိလာခဲ့ကြောင်း ဝိုင်းမော်ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူတို့၏ မိသားစုဖြစ်သူက “အိမ်ရှေ့ကို ဒုတိယတစ်ခေါက်လာကြတယ်၊လာကြတဲ့အချိန် အမေက မောင်လေးနဲ့ဖြစ်ထားတဲ့ ပြဿနာဖြစ်တော့ သူတို့ဖြေရှင်းမယ် မောင်လေးဝမ်းကွဲကို အိမ်မှာပဲ နေခိုင်းလိုက်တယ်။ အမေက ငါတို့ရေသွယ်နေတာအခက်အခဲဖြစ်နေလို့ပါ တောင်းတောင်းပန်ပန်နဲ့ အဲ့လိုမျိုးပြောတာပါနင်တို့ကို အဲဒီချိန်မှာ အဆဲပေါင်းစုံနဲ့ဆဲတာ တစ်မိသားစုလုံးဆဲတာ ဆဲရုံတင်မကဘူး၊ လက်တွေက ဓားတွေကတစ်ရွယ်ရွယ်နဲ့ ပေါက်တဲ့လူကပေါက် အကုန်လုံးက အိမ်ရှေ့မှာ ခဲတွေကော ရှိတယ်။ ခဲတွေနဲ့ကော၊ ထင်းချောင်းတွေနဲ့ကောပေါက် အဲဒီချိန် အိမ်ရှေ့မှာနွားလေးတစ်ကောင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်နေတယ် အချိန်မှာအဖေနဲ့မေက အပြင်ကိုထွက်လိုက်တယ် အဲဒီမှာထွက်ပြီး ငါတို့တောင်းပန်တယ် နင်တို့ဖြတ်ချင်တဲ့နေရာမှာဖြတ်လို့ ပြောလိုက်တယ်”ဟု မမျိုးသန္တာဌေးက ရှင်းပြပြောဆိုသည်။

ပြဿနာမဖြစ်ရန်အတွက် အိမ်ရှေ့သို့ထွက်လာပြီး တောင်းပန်ပြောဆိုခဲ့ကြ သော မမျိုးသန္တာဌေးရဲ့ ဖခင်၊ မိခင်၊ အစ်မတို့ကိုဂေါ်ညက် (ခ) မျိုးသန်းဦးက ဓားဖြင့်ထိုးခဲ့ပြီး အတူပါလာသူတွေမှ တုတ်ဖြင့် ဝိုင်းရိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရှိကာဝိုင်းမော်ဆေးရုံသို့ ရောက်ရှိခဲ့ချိန်တွင် မမျိုးသန္တာဌေး၏မိခင်နှင့် ဖခင်ဖြစ်သူတို့မှာပြင်းထန်သည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။|

“တောင်းပန်တဲ့ကြားကနေပြီးတော့မှ အဖေနဲ့အမေကို လုပ်သွားလိုက်ကြတာ။ အမေကို လည်ပင်းကို ဒီလိုမျိုးတိုင်းပြီးတော့မှ သူ့သားကြီးကနေ သူကိုင်ထားတဲ့ဓားကနေ တစ်ချက်ထိုးလိုက်တယ်။ အဲ့လိုထိုးနေစဉ်မှာပဲသူအမေကနေပြီးတော့ ခေါင်းကိုဒုတ်နဲ့ရိုက်ပြီး သူ့သားကို သားသတ်၊ မသေမချင်းသတ် ဆိုပြီး အမေ့ရဲ့ခေါင်းမှာအချက်ပေါင်းမနည်း ရိုက်လည်းရိုက်တယ်။ လက်တွေမှာရော အကုန်ရိုက်တာ သူ့သားကလည်း ဓားတွေနဲ့ထိုးနေတယ် အချက်ပေါင်းများစွာ အမေ့ကိုလုပ်နေတာ အဖေ့ကိုကျတော့ ဖိုးလုံးရယ် သူ့အဖေရယ် ဓားနဲ့ထိုးနောက်စေ့တွေမှာရောရိုက် မျက်နှာကလည်းကွဲပြဲ အဖေအိမ်ထဲကိုပေါ့နော် သူအရမ်းထိထားပြီဆိုတော့ အိမ်ထဲကိုဝင်လာတာ”ဟု မမျိုးသန္တာဌေးကပြောသည်။

အဆိုပါအမှုသည် လက်ရှိတွင် အမှုတည်ဆောက်ဆဲ ကာလသာသာရှိသေးပြီး ကာလခန့်မှန်းခြေ အားဖြင့် ၆ လမှ ၂ နှစ်ထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ဓားထိုးဒဏ်ရာကြောင့် ဆေးရုံတက်ရောက်နေ သည့်သမီးဖြစ်သူသည် မေလ(၁၈) ရက်နေ့က ဆေးရုံဆင်းပြီး ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျူးလွန်သူမိသားစုဝင် ၇ ဦးအားဝိုင်းမော်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူပေးရန် သေဆုံးသွားသူ မိဘနှစ်ပါး၏ သမီးတစ်ဦးဖြစ်သည့် မမျိုးသန္တာဌေးမှတရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၂၃/၁၁၄ စသော ပုဒ်မ(၄)ခုဖြင့် အမှုဖွင့် တိုင်တန်းထားပြီး အမှုကို တရားမျှတမှုရှိအောင် ချမှတ်ပေးစေချင်ကြောင်း မမျိုးသန္တာဌေးက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားသည်။

Ah Je

LEAVE A REPLY

Please enter your comment!
Please enter your name here