နိုဝင်ဘာ ၁၁
ဝိုင်းမော်မြို့နယ်အတွင်း တရုတ်နိုင်ငံသားများ ဝင်ရောက်မှု များပြားလာခြင်းသည် တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုကြောင့် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
တစ်သျှူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီများကို လဝကအနေဖြင့် တရားဝင် နေထိုင်ခွင့် ပေးထားသည်မှာ ကချင်ဒိုင်းမွန်း ကုမ္ပဏီရှိ တရုတ်နိုင်ငံသား ၄၆ ဦးသာ ဖြစ်ကြောင်းနှင့် အခြားတရုတ် နိုင်ငံသားများကို နိုင်ငံကူးလက်မှတ် (Boarder Pass)ဖြင့် ၁၃ ညအိပ် ၁၄ ရက် လည်ပတ်သွားနိုင်ခွင့် ပေးထားကြောင်း လဝက၀န်ကြီးဦးဇော်ဝင်းက ပြောသည်။
“(Boarder Pass) နဲ့ အလုပ် လာလုပ်ကြတဲ့သူတွေကိုလည်း ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လဝကရဲ့ဥပဒေအနေနဲ့ ၁၃ ညအိပ် ၁၄ရက်ပြည့်ရင်ပြန်ထွက်ခိုင်းတယ်။ ပြီးရင် ပြန်ဝင်လာတာ ရှိတယ်။ ဝင်လိုက် ထွက်လိုက်လုပ်တဲ့သူတွေလည်း ဒီ တစ်သျှူးငှက်ပျောကိစ္စနဲ့ ပတ်သက်သူတွေများတယ်”ဟု ၎င်းက ပြောသည်။
မြစ်ဆုံစီမံကိန်း (ှဏှုဃ)ကုမ္ပဏီမှ ၇၆ ဦး၊ တာပိန်ရေအားလျှပ်စစ်ကုမ္ပဏီမှ ၁၄၁ဦး၊ ထိန်ချူန်း- မြစ်ကြီးနားကားလမ်းလုပ်ငန်း လုပ်သည့် ကုမ္ပဏီမှ ၃၁ဦး၊ တက်ဟုန်ကုန်သည်ကြီးများအသင်းမှ ၄ဦး၊ မြန်မာဟိန်ရုန်းကုမ္ပဏီမှ ၂၁ဦး၊ ကချင်ဒိုင်မွန်းကုမ္ပဏီမှ ၄၆ဦး စုစုပေါင်း ၃၁၉ ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီးဌာနမှ သုံးလစာ အစိမ်းရောင်ကဒ် (Green Card) ဖြင့် နေထိုင်ခွင့်ပေးထားကြောင်း လဝက၀န်ကြီး ဦးဇော်ဝင်းက ပြောသည်။
“ကျန်တာကတော့ နိုင်ငံကူးလက်မှတ် (Boarder Pass)နဲ့ ဝင်တာ။ အဲဒါနဲ့ဝင်တာက စီးပွားရေးလုပ်ခိုင်းတာမဟုတ်ဘူး။ လည်ပတ်သွားဖို့ပေါ့”ဟု ၎င်းင်းက ပြောသည်။
ထိုသို့ တရုတ်နိုင်ငံသားများ ပိုမိုဝင်ရောက်လာမှုကြောင့် မြို့စည်လာပြီး၊ စီးပွားရေးအခြေအနေ ကောင်းလာကြောင်း၊ တချို့အလုပ်အကိုင်မဲ့နေသူများ အလုပ်အကိုင် ရလာကြောင်းနှင့် ဈေးသည် များလည်း ပုံမှန်ရောင်းနေကျထက် ပိုရောင်းကောင်းလာကြသည်ကို တွေ့မြင်ရကြောင်း ဝိုင်းမော်မြို့တွင်း နေထိုင်သူ ကိုဇွဲနောင်နောင်က ပြောသည်။
“လမ်းဘေး ဝဲယာမှာရှိတဲ့ ဆိုင်တွေက၊ အရင်ကထက် ၂ဆ ၃ဆ ရောင်းအားတက်လာတာ တွေ့ရတယ်။ ခြံတွေ၊ မြေကွက်တွေလည်း ဈေးတက်လာတာပေါ့”ဟု ၎င်းက ပြောသည်။
ယင်းသို့ အကျိုးသက်ရောက်မှုများ ရှိသော်လည်း တစ်ဖက်မှာ လူငယ်များပျက်စီးလာကြောင်း၊ ငှက်ပျောကားကြီးများ မီးပွိုင့်ဖြတ်မောင်းမှုများရှိကြောင်း၊ သက်ကြီးရွယ်အိုများ ယာဉ်တိုက်မှု မကြာခဏကြုံတွေ့ရကြောင်း၊ မြို့ရှောင်လမ်းမရှိသည့်အတွက်၊ ငှက်ပျောကားစီရပ်ထားသည့်နေ့များတွင် ကား၊ ဆိုင်ကယ်များ ကြပ်လေ့ရှိကြောင်း ကိုဇွဲနောင်နောင်က ဆက်လက်ပြောသည်။
“မြို့တွင်း ကေတီဗွီတွေမှာ ပြသနာဖြစ်တိုင်း တရုတ်တွေနဲ့ ဝိတ်တာတွေဆိုတာကြားရတယ်။ ဒါတွေက အားနည်းချက်ပေါ့နော်။ ပြီးတော့၊ပြည်သူတွေ အတွက်ကတော့ သူတို့တွေ ဗြုန်းစားကြီး ထွက်သွားရင်၊ ဘာလုပ်စားရမှန်းမသိကြဘူး ဖြစ်သွားမယ်လို့ ကျွန်တော်ထင်တယ်”ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံသားများအနေဖြင့်၊ ကချင်ပြည်နယ်အတွင်း ဝင်ရောက်ရန်အတွက်၊ လွယ်ဂျယ်နယ်စပ် ဂိတ်နှင့် ကန်ပိုင်တည်နယ်စပ်ဂိတ်တို့မှ ဝင်ရကြောင်းနှင့် ယင်းဂိတ်နှစ်ခုမှ တစ်လလျှင် တရုတ်နိုင်ငံသား လူဦးရေ ၅ ထောင်ကျော်ခန့် ဝင်လေ့ရှိကြောင်း သိရသည်။
မျိုးမြတ်မြတ်ပန်







