ဝိုင်းမော်- ဆဒုံးလမ်းက စစ်ကောင်စီရဲ့ ဂိတ်စခန်းနှစ်ခုကို KIA ကနေတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

41

 

ဇွန်၊၁၁

ကချင်ပြည်နယ်၊ ဝိုင်းမော်-ဆဒုံးလမ်းပေါ်က စစ်ကောင်စီရဲ့ ဂိတ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မနက် အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ချီဖွေ လမ်းခွဲ စုပေါင်းဂိတ်ဖြစ်တဲ့ ၁၃ ကီလို တပ်စခန်းအပြင် အဲဒီတပ်စခန်းကနေ အထက်ဘက် ဆဒုံးသွားလမ်းက ပြည်သူ့စစ်နဲ့ စစ်ကောင်စီတို့ ပူးပေါင်းစခန်းချထားတဲ့ ဘွမ်တောင်တပ်စခန်းတို့ကို ဒီကနေ့မနက် သိမ်းနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ဒီမနက် တိုက်ပွဲဖြစ်တာက ဝိုင်းမော်က တက်လာရင် ချီဖွေနဲ့ ကန်ပိုင်တီဘက် သွားတဲ့ လမ်းခွဲ စုပေါင်းဂိတ်ပေါ့။ ၁၃ မိုင်စခန်း စုပေါင်းဂိတ် အဲဒါကို သိမ်းယူနိုင်ခဲ့ပြီ။ ပြီးတော့ နောက်တစ်ခုက အဲဒီကနေ ဆဒုံးဘက် တက်လာရင် ဘွမ်တောင်ပေါ့။ ပြည်သူ့စစ်တွေနဲ့ ပေါင်းထိုင်တဲ့ဂိတ်။ အဲဒါလည်း သိမ်းပြီ။“လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက် အစောပိုင်းမှာပဲ တိုက်ပွဲဖြစ်ပွားရာ နေရာတွေဘက် ဝိုင်းမော်မြို့ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဝူယန်ကျေးရွာအနီးမှာ KIA ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒီကနေ့မနက် သိမ်းပိုက်ရရှိခဲ့တဲ့ ၁၃ ကီလို တပ်စခန်းဟာ ချီဖွေ၊ ကန်ပိုင်တီဘက်သွားတဲ့ လမ်းခွဲနေရာမှာ စုပေါင်းဂိတ်လို တည်ရှိနေတဲ့အတွက် အရေးကြီးတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘွမ်တောင်တပ်စခန်းဟာလည်း အခွန်ကောက်ခံတာတွေ ပြုလုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့အပြင် KIAတပ်ရင်း ၃ ဘက်ကို ခြိမ်းခြောက်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။

၁၃ ကီလိုဂိတ်စခန်းကို သိမ်းပိုက်ပြီးနောက် ဝါရှောင်ကျေးရွာ အနီးအနားဝန်းကျင် လေယာဉ်ပျံဝဲခဲ့တယ်လို့ ဝါရှောင်ဒေသခံ ပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

လေယာဉ်တွေရော ဝဲနေတယ်။ စိုးရိမ်တာကတော့ ဗုံးကြဲမှာပဲ။ ဝူယန်ဂိတ်ကတော့ ပစ်နေလို့ ပိတ်ထားတယ်လို့ ပြောပါတယ်။

ဆဒုံးဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရလည်း ဒီကနေ့မနက် ၆ နာရီခွဲကနေ စပစ်ပြီး ဆဒုံး ဗျူဟာကုန်းဘက်ပါ နှစ်ဖက်တပ် ပစ်ခတ်သံတွေ ကြားရတယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA ကနေ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here