သက်ငယ်မုဒိမ်း ကျူးလွန်မှုကို ဘယ်လိုကာကွယ်လို့ တိုက်ဖျက်ကြမလဲ

1241

အဓမ္မကျင့်မှုလို့ စကားလုံးလှအောင်သုံးစွဲထားတဲ့အသုံးအနှုန်းအစား မုဒိမ်းမှုလို့ဆိုတဲ့ အရပ်အခေါ်ကို သုံးပါရစေ။ ယဉ်ကျေးတဲ့ လူ့အသိုက်အဝန်းက အခေါ်အဝေါ်တွေကြောင့်လည်း ပြင်းထန်စွာ ရှုတ်ချသင့်တဲ့ အမှုတွေကို ငြင်သာစွာ ပြောဆိုသုံးစွဲလိုက်တာက စပြီး တင်းကျပ်တဲ့ စည်းမျဉ်းဥပဒေတွေကို ပြစ်မှုကျူးလွန်သူတွေက မမှုကြတော့တာလို့ ပြောပါရစေ။

မုဒိမ်းမှုဖြစ်လာပြီဆိုရင်တော့ ကျူးလွန်သူကို အပြစ်တင်မှုနည်းပြီး ခံရသူကိုသာ အပြစ်ပြောလေ့ရှိတဲ့ နိုင်ငံသားတွေရဲ့ အမူအကျင့်တွေကို ဒီနေ့ ပြင်ဖို့သင့်ပါတယ်။ ဒါတွေဟာလည်း ကျူးလွန်သူတွေအတွက် တစ်ဖက်က အားပေးရာ ရောက်စေပါတယ်။

အင်တာနက် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ မတရားအနိုင်ကျင့်မှုနဲ့ မုဒိမ်းမှုတွေဟာလည်း များပြားလာပါတယ်။၂၀၁၇ ခုနှစ် Internet Watch Foundation (IWF) ရဲ့ ဒေတာအရ သက်ငယ်မုဒိမ်းဓါတ်ပုံတွေကို ၇ မိနစ်တစ်ခါ Website တွေမှာ တင်နေကြတယ်လို့ ဆိုပါတယ်။ ဒီ ၂၀၁၇ ခုနှစ်ထဲမှာပဲ လိင်အကြမ်းဖက်မှုဆိုင်ရာတွေကို လွင့်တင်ခဲ့တဲ့ Website ပေါင်း ၇၈၅၈၉ ခုထိ ရှိခဲ့ပါတယ်။ ၅၅ ရာခိုင်နှုန်းဟာ ၁၀ နှစ်အောက် ကလေးတွေရဲ့ ဓါတ်ပုံတွေနဲ့ အဲ့ဒီထဲကမှ ၈၆ ရာခိုင်နှုန်းက အမျိုးသမီးငယ်တွေဖြစ်ပြီး၊ ၇ ရာခိုင်နှုန်းက ယောက်ျားလေးဖြစ်ကာ၊ ကျန် ၅ ရာခိုင်နှုန်းက မိန်းကလေးနဲ့ ယောက်ျားလေးရောထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။

မုဒိမ်းမှုတွေထဲမှာ ရက်စက်ယုတ်မာဆုံးက သက်ငယ်မုဒိမ်းမှုပါ။ သက်ငယ်မုဒိမ်းမှုဆိုတာ နိုင်ငံတကာစံအရ အသက် ၂ နှစ်ကနေ ၁၇ နှစ်ကြားတွေအပေါ် ကျူးလွန်တဲ့အမှုလို့ သတ်မှတ်ထားပါတယ်။
WHO ရဲ့ မှတ်တမ်းအရ ကမ္ဘာမှာ ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်ပိုင်းတွေ အနိုင်ကျင့်ခံရတာ ၁ ဘီလီယံထိရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီနှစ်ထဲမှာပဲ UN ရဲ့ မှတ်တမ်းကလည်း ဝင်ငွေနည်းတဲ့နိုင်ငံနဲ့ အလယ်အလတ်ဝင်ငွေ ရှိတဲ့ နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ အရွယ်ရောက်ပြီးဖြစ်တဲ့ အမျိုးသမီး ၁၇ မီလီယံဟာလည်း ငယ်ရွယ်စဉ်အချိန်က အနိုင်ကျင့်ခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ အရင်နှစ်တွေကထက် ၂၀၁၇ခုနှစ်မှာ မုဒိမ်းမှုတွေ ပိုများလာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အဲ့ဒီထဲက ၅၀ ရာခိုင်နှုန်းကျော်ဟာ သက်ငယ်မုဒိမ်းမှုပါ။ ဒါ တရားဝင် စာရင်းတွေအရသာ ဖြစ်ပြီးတရားခွင်ပေါ် ရောက်လာတဲ့အမှုတွေ မပါသေးပါဘူး။

နိုင်ငံတကာ စံနှုန်းအရ မုဒိမ်းမှုကို အများအားဖြင့် ကျူးလွန်သူတွေဟာ မိဘတွေ၊ ဆွေမျိုးတွေ၊ မောင်နှမဝမ်းကွဲတော်စပ်သူတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆရာတွေ ပါတယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ မုဒိမ်းကျင့်ခံခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် ၁၀ ဦးကို မေးမြန်းရာမှာ ၉ ဦးက သူတို့ကိုကျူးလွန်သူတွေဟာ သူတို့အသိ ဒါမှမဟုတ် ဆွေမျိုးတော်စပ်သူတွေ ဖြစ်ကြောင်း ဆိုတယ်လို့ WHO ရဲ့ ၂၀၁၇ ခုနှစ် ဒေတာမှာ အတိအလင်း ပြောထားပါတယ်။

ဒီ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်သွားအောင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ဖွဲ့စည်းထားပြီး ွျှံဥ ဦးစီးတဲ့ နိုင်ငံတကာအဖွဲ့ရဲ့ အကြံပြုချက် ၇ ချက်ရှိပါတယ်။ အဲ့ဒါကတော့ INSPIRE ပါပဲ။
၁။ Implementation and enforcement of laws (ခိုင်မာအားကောင်းတဲ့ဥပဒေများ ဖော်ဆောင်ကျင့်သုံးခြင်း)၊
၂။ Norms and values (စံနဲ့တန်ဖိုးများ)၊
၃။ Safe environments (လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်)၊
၄။ Parent and caregiver support (မိဘတွေနဲ့ ထိန်းကျောင်းပေးသူတို့ရဲ့ ကူညီထောက်ပံ့မှု)၊
၅။ Income and economic strengthening (ဝင်ငွေနဲ့စီးပွားရေးကောင်းမွန်စေမှု)၊
၆။ Response and support services (တုံ့ပြန်မှုနဲ့ ထောက်ပံ့မှုအစီအစဉ်များ)၊
၇။ Educational and life skills (ပညာရေးနဲ့ ဘဝရပ်တည်ရေးကျွမ်းကျင်မှု)ဆိုတဲ့ အချက်တွေပါပဲ။
ဒီအချက် ၇ ချက်ကို နိုင်ငံသားအားလုံး လိုက်နာကျင့်သုံးအကောင်ထည်ဖော် ဆောင်ရွက်သွားမယ် ဆိုရင် သက်ငယ်မုဒိမ်းမှုနဲ့ အခြားအမှုတွေပါ ပပျောက်သွားနိုင်မယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here