မြစ်ကြီးနား၊ ဇူလိုင် ၂၈
ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အောက်တွင်ရှိသည့် အသင်းတော်တစ်ခုချင်းဆီက ကျန်းမာရေးနှင့် ကိုက်ညီကြောင်း သက်ဆိုင်ရာကိုတင်ပြပြီးလျှင် ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းခွင့် ရတော့မည်ဖြစ်ကြောင်း သိရသည်။
“တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းရင် တစ်ကြိမ်ကို အယောက်(၃၀)နဲ့ အကြိမ်ကြိမ် ဝတ်ပြုဆုတောင်းမယ်။ နေရာများများနဲ့ အကြိမ်ကြိမ်ဝတ်ပြုမယ်။ ဆရာများများနဲ့ အကြိမ်ကြိမ်ဝတ်ပြုမယ်။ အစိုးရရဲ့ Covid-19 ကျန်းမာရေးညွှန်ကြားချက်အတိုင်း လိုက်နာပြီး ဝတ်ပြုဖို့တိုင်ပင်ထားတာဖြစ်တယ်”ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဇေခေါင်က ပြောသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဇူလိုင်လ(၁၆)ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ဘာသာရေးနှင့် ဆိုင်သည့် အခမ်းအနား ပြုလုပ်ရာတွင် ကျန်းမာရေးနှင့်အညီ လူဦးရေ (၃၀) မကျော်လွန်စေဘဲ ဝတ်ပြုဆုတောင်းခွင့်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အစိုးရအဖွဲ့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KBC နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အသင်းတော် တစ်ခုခြင်းကို မိမိဒေသအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းလုပ်ဆောင်သွားရန် အကြံပေးခြင်းဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာဇေခေါင်က ပြောသည်။
“မိမိရပ်ကွက်အလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းနဲ့ ညှိနှိုင်းပြီးပြုလုပ်သွားဖို့ ပညာပေး တိုက်တွန်းထားတယ်”ဟု ဆိုသည်။
တနင်္ဂနွေ ဝတ်ပြုဆုတောင်းအစီအစဉ်နှင့် ပတ်သက်ပြီး KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ထုတ်ပြန်ချက်အရ လူဦးရေ(၃၀)ထက်မကျော်ရ ကျော်လွန်သွားပါက အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းသွားရန်၊ ဆုတောင်းခြင်း အစီအစဉ်တစ်ခုနှင့်တစ်ခုကို တစ်နာရီခြားရန်၊ ဆုတောင်းဝတ်ပြုချိန်ကို တစ်နာရီထက်မကျော်ရ၊ တစ်ယောက်နှင့် တစ်ယောက် (၆)ပေအကွာထိုင်ရမည် ဖြစ်သည်။
ထို့ပြင် ဝတ်ပြုအစီအစဉ်တွင် ပါဝင်မည့်သူများ Mask တပ်ရဆင်ရမည်ဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းကို ခွင့်ပြုထားခြင်း မရှိပေ။
ထို့အတူ လက်ဆေးရန်ရေစင်နှင့် ဆပ်ပြာ၊ လက်သန့်ဆေးရည်များ ထားရှိရမည်ဖြစ်ပြီး အမှိုက်ခြင်းတောင်းများလည်း ထားရမည့်အပြင် ဘုရာကျောင်းအတွင်း ရောက်ရှိလာသူတိုင်း အပူချိန်တိုင်းတာရမည်ဖြစ်ကြောင်း သိရသည်။
အက်စတာ







