မတ်၊၁၉
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ နန်မြန်း(Nan Myen)ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့မနက်(၇)နာရီ ဝန်းကျင်မှစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
နန့်ရင်းချောင်းအနီး စစ်ကောင်စီစစ်ကား(၄)စီးဝန်းကျင် စစ်ကြောင်းထိုး ဝင်ရောက်ကာ တပ်စခန်းချနေထိုင်နေရာမှ ယနေ့မနက်မှ စပြီး နှစ်ဖက်တပ်တိုက်ပွဲ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အခုလည်း အသံတွေ ကြားနေရတယ်။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ပစ်နေကြတယ်။ မနေ့က ကားနဲ့လာပြီး လာနေကြတာ။ ကား(၄)စီးလောက် ရှိတယ်။ နမ်မြန်းရွာနားက ချောင်းမှာ ဖြစ်နေကြတာ။ လက်နက်ကြီး/ငယ်တွေ ပစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်ထိလည်း လက်နက်ကြီး/ငယ်များ ကြားနေရဆဲ ဖြစ်သောကြောင့် ချောင်းအနီးနေထိုင်သည့် ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက် ပြေးတိမ်း ရှောင်နေရကြောင်းလည်း သိရသည်။
ယင်းအပြင် ယနေ့မနက် (၅)နာရီ ဝန်းကျင်ကလည်း မြစ်ကြီးနားမြို့အထွက် (၂၁)မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်တွင် မြစ်ကြီးနားဘက်မှ စစ်ကားများဖြင့် စစ်ကူလာရောက်လျက် ရှိနေကြောင်းလည်း သိရသည်။
ဟိုပင်မြို့သည် မြစ်ကြီးနား- မန္တလေး လမ်းမကြီးပေါ်တွင် တည်ရှိသော ကချင်ပြည်နယ်အတွင်းက မြို့တစ်မြို့ဖြစ်သည်။