ဖေဖော်ဝါရီ၊၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်အနီးရှိ ကျောက်ဝိုင်းကို ယနေ့ည (၇)နာရီဝန်းကျင်ခန့်မှ စပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးနေကြောင်း သိရသည်။
အင်အား(၁၀၀)ဝန်းကျင်ခန့်ရှိသည့် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဒီညက ကျောက်ဝိုင်းမှာ ဝင်စစ်နေကြတယ်။ မနေ့ညကတော့ ကျောက်ဝိုင်းရဲ့ အနီးက အေးမြသာယာရပ်ကွက်မှာ စစ်တာ။ (၇)နာရီခွဲလောက်ကနေ စစစ်နေတယ်။ ဘာလို့စစ်တာလည်းတော့ မသိဘူး”ဟု ၎င်းက ပြောသည်။
ယမန်နေ့ညကလည်း ကျောက်ဝိုင်းအနီးရှိ အေးမြသာယာ ရပ်ကွက်ထဲသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးနေမှုသည် မသင်္ကာမှုကြောင့် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်နိုင်သကဲ့သို့ လူလာရောက် ရှာဖွေခြင်းလည်း ဖြစ်နိုင်သည်ဟု မြင်မိကြောင်း၎င်းက ပြောသည်။







