ဘုန်းတော်ကြီး ဒလိုင်းလားမား မိန့်တော်မူတာက “ပညာရေးသည်သာ အရာရာကိုအောင်နိုင်သော အားကြီးတဲ့ လက်နက် ဖြစ်ကြောင်း”ပါ။ လက်တွေ့အနေနဲ့လည်း တိဘက်လူမျိုးတွေဟာ ပညာရေးကို ဦးစားပေးကြိုးစားတာ လေ့လာတွေ့ရှိရပါတယ်။
တိဘက်တွေရဲ့ စာကြည့်တိုက်နဲ့ မော်ကွန်းတိုက်တွေကို သွားရောက် လေ့လာတဲ့အခါမှာ သမိုင်းဝင် စာပေတွေ ပုရပိုက်တွေကို ပိုး၊ ခြ မစားနိုင်အောင် စနစ်တကျစီမံ ထိန်းသိမ်း စောင့်ရှောက်ထားတာ တွေ့ရပါတယ်။ ပြီးတော့ လူတွေမဖတ်နိုင်အောင် သော့ခတ်ထားတာ မဟုတ်ပါဘူး။ စည်းနဲ့စနစ်နဲ့ ငှားရမ်းဖတ်ရှုလေ့လာခွင့် ပေးထားပါတယ်။
နောက်ပြီး တိဘက်တွေ ဖွင့်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေကို လေ့လာရာမှာ လည်း မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်ဆိုပြီး သီးသန့် စာကြည့်တိုက် ကိုယ်စီခွဲပြီး ထားပေးထားတာကိုလည်း တွေ့ရပါတယ်။
စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုကလည်း ပညာရေးကို အဓိကထားပြီး ဦးဆောင်ခဲ့တာကြောင့် တံငါရွာကနေ အာရှတစ်လွှား အောင်မြင်ကျော်ကြားတဲ့ စင်္ကာပူနိုင်ငံဆိုတာ ဖြစ်တည်လာတာလည်း အားလုံးအမြင်ပါ။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေဟာလည်း ပညာရေးကို ဦးစားပေးဆောင်ရွက်တာ တွေ့ရပါတယ်။ သူတို့နိုင်ငံက ကျောင်းအနီးဝန်းကျင်တွေမှာ ဖွင့်ထားတဲ့ ဈေးဆိုင် ကြီး/ငယ် မှန်သမျှကို ဆေးလိပ်၊ အရက် ရောင်းခွင့်မပြုပါဘူး။
ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကျန်းမာရေး အဆင့်မြင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က Myanmar Global School Health Survey ကို ကိုးကားပြီး ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေ အရက်သောက်သုံးမှုဟာ ၂၀၀၇ ခုနှစ်မှာ ၁.၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၆ ခုနှစ်မှာ ၄.၃ ရာခိုင်နှုန်းအထိ များလာတာကို တွေ့ရပြီး အဲ့ဒီရာခိုင်နှုန်းရဲ့ တစ်ဝက်လောက်က ၁၄ နှစ်မတိုင်ခင်ကတည်းက အရက် စတင်သောက်နေတာတွေ့ရတယ်လို့ ဆိုခဲ့ပါတယ်။
အရက်တင်မကပါဘူး ဆေးလိပ် သောက်သုံးမှုဟာလည်း ၂၀၀၇ ခုနှစ်မှာ ၂ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၆.၆ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ အငွေ့မထွက်တဲ့ ကွမ်းယာနဲ့ ဆေးရွက်ကြီး သုံးစွဲမှုဟာလည်းပဲ ၂၀၀၇ မှာ ၃.၆ ရာခိုင်နှုန်းတာရှိပြီး ၂၀၁၆ ခုနှစ်မှာ ၈ ရာခိုင်နှုန်းထိ မြင့်တက်လာတာ တွေ့ရတယ်လို့ ထပ်ဆိုပါတယ်။ နိုင်ငံအနာဂတ်အတွက် အင်မတန်ရင်လေးစရာ ကောင်းလှပါတယ်။
United Nations Development Program ရဲ့ လူသားများ ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း HDI အဆင့်ကို ကြည့်လိုက်ရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲကမှ အိမ်နီးချင်းတွေဖြစ်တဲ့ လာအိုက အဆင့် ၁၃၉၊ ဗီယက်နမ်က ၁၁၆၊ အိန္ဒိယက ၁၃၀၊ တရုတ်က ၈၆ နဲ့ ထိုင်းက ၈၃ ဆင့် ရှိပြီး မြန်မာနိုင်ငံကတော့ အဆင့် ၁၄၈ မှာ ရှိနေတာ တွေ့ရပါတယ်။ ဒီနေ့ မြန်မာနိုင်ငံသားတွေ ကျော်တက်မယ်လို့ ပြောနေတဲ့ စင်္ကာပူနိုင်ငံဟာ HDI အဆင့် ၉ မှာ ရှိနေပါတယ်။
HDI ကို အခြေခံအကျဆုံးဖြစ်တဲ့ လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေခံမှု ၃ ရပ်အပေါ်ထားကာ နှစ်ရှည်သုတေသနလုပ်ပြီး အဆင့်သတ်မှတ်ပေးသွားတာပါ။ ပထမမူကတော့ သက်ရှည်ကျန်းမာတဲ့ လူ့ဘဝအသက်တာ၊ ဒုတိယမူကတော့ အသိပညာ လေ့လာဆည်းပူးနိုင်ခွင့်နဲ့ တတိယမူကတော့ သင့်တင့်လျောက်ပတ်တဲ့ နေထိုင်နိုင်မှုတို့ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးနိုင်ဖို့ ပညာရေးကဏ္ဍကိုမြှင့်တင်ဖို့ အင်မတန်အရေးကြီးလှပြီး ပထမဆုံးလုပ်သင့်တာက ၂၀၁၆ က ပြဋ္ဌာန်းခဲ့တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေပါ ကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဆေးလိပ်သောက်သုံးခွင့် မရှိတဲ့အပြင်၊ ကျောင်း ပရဝုဏ်အတွင်းနဲ့ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုခွင့်နဲ့ အသက် ၁၈ နှစ်မပြည့်သေးသူကို ဆေးလိပ်ရောင်းချခြင်း ဒါမှမဟုတ် ပေးကမ်းခြင်းဆိုတဲ့ ဥပဒေကို အပြည့်အ၀ လိုက်နာကျင့်သုံးကြဖို့ လိုကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားအပ်ပါတယ်။





