ဦးဇခုန်တိန့်ယိန်းကို အသရေဖျက်စေမှု ပုဒ်မဖြင့် ဒဏ်ငွေ၅သိန်း ပေးဆောင်ရန်တရားရုံးက အပြီးသတ် အမိန့်ချမှတ်

1049

အောက်တိုဘာ ၂၆
ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ပုဒ်မ-၅၀၀(အသရေဖျက်မှု) ဖြင့် တရား စွဲဆိုထားသည့် အမှုကို မြစ်ကြီးနားမြို့နယ်၊ တရားရုံးမှ နိုဝင်ဘာလ ၂၄ ရက်နေ့က အပြီးသတ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၁၅ မဲဆွယ်ကာလအတွင်းက ဦးမုတ်ရင်ဒေါင်ဟောင်းနှင့် ၂ ဦးကို ဦးဇခုန်တိန့်ယိန်းက သရေပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန်ရေးသား ဖြန့်ဝေခဲ့သောကြောင့် ဦးမုတ်ရင်ဒေါင်ဟောင်းက တရားစွဲဆိုပြီး တိုင်တန်းချက် မှန်ကန်သဖြင့် ဦးဇခုန်တိန့်ယိန်းကို ဒဏ်ငွေငါးသိန်း ပေးဆောင်ရန်စေပြီး၊ မပေးဆောင်ပါက ထောင်ဒဏ်လေးလ ကျခံရမည်ကြောင်း တရားသူကြီးမှ အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီအမိန့်နဲ့ ပတ်သက်ပြီးတော့ ဘာမှတ်ချက်မှတော့ မပေးလိုပါဘူးဗျ။ တရားရုံးကနေ သင့်တော်မျှတတဲ့ အမိန့်ချမှတ်တယ်လို့ပဲ မြင်ပါတယ်”ဟု တရားလိုဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။

ဦးဇခုန်တိန့်ယိန်းသည် ရွေးကောက်ပွဲများတွင် ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး၊ မဲဆွယ်ကာလက လက်ကမ်း စာစောင်များ ဖြန့်ဝေရာတွင် ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးလယောက်ဇယ်လွမ်းနှင့် ဦးဘုတ်ထောခေါင်တို့ သုံးဦးအား ဂုဏ်သိက္ခာ ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ဦးမုတ်ရင်ဒေါင်ဟောင်းက တရားစွဲဆိုပေးရန် မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၁၉ ရက်နေ့က ဦးတိုက်လျှောက်ခဲ့ခြင်း ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်း သည် အထက်ပါချမှတ်သည့် အမိန့်အတိုင်း ငွေကျပ်ငါးသိန်း ဒဏ်ငွေပေး ဆောင်ခဲ့သည်ဟု သိရပြီး တရားစွဲဆိုချိန်မှ စတင်ပြီး အမိန့်ချမှတ်သည့်အချိန်အထိ ၃ နှစ်ကျော် တရားရင်ဆိုင်ခဲ့ရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here