အစိုးရသက်တမ်း ၃ နှစ်ကျော်အတွင်း စည်ပင်ဝန်ကြီးဌာနမှပထမဦးဆုံးအကြိမ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ

1494
စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ
စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီမှ ရှင်းလင်းဖြေကြားနေစဉ်

အောက်တိုဘာ၂၆

အစိုးရသက်တမ်း ၃ နှစ်ကျော်လာတဲ့ အချိန်မှတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယားရေး ဝန်ကြီးဌာနကနေ ပထမဦးဆုံးအကြိမ်အဖြစ် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ် အတွင်းမှာ စည်ပင်သာယာရေး ဝန်ကြီးဋ္ဌာနကနေ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းတွေကို ပြည်နယ်အခြေစိုက် သတင်းဋ္ဌာနတွေနဲ့ မေး/ဖြေ ပြုလုပ်ပေးခဲ့တာပါ။

စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ စည်ပင်သာယာရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂ ရက်တာ ပြုလုပ်ပြီး အဲဒီအခြေအနေကို ပြည်သူလူထုထံ တင်ပြချင်လို့ အခုလို ရှင်းလင်းပွဲလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

သတင်း မီဒီယာတွေဘက်က ပထမဦးဆုံးအနေနဲ့ စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ဘတ်ဂျတ်အများဆုံး အသုံးပြုပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ လာမယ့်ဘဏ္ဍာနှစ်အတွက် အများအသုံးပြုပြီး ဆောင်ရွက်သွားမယ့် လုပ်ငန်းတွေကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။ မေးခွန်းနဲ့ ပတ်သက်ပြီး ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွင်းက လျာထားငွေ ၁၁ ဘီလီယံ ရှိပြီးတော့ အခွန်ကောက်ခံရရှိငွေက ၁၃ ဘီလီယံထိရှိကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် အတွက်လည်း ၁၂ ဘီလီယံလျာထားကြောင်း ဖြေကြားပေးခဲ့ပါတယ်။

“ကြီးကြီးမားမား သုံးစွဲမှုအနေနဲ့ ကျွန်တော်တို့ စည်ပင်သာယာရေး အဖွဲ့က သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိမြို့နယ်မှာ ရရှိတဲ့ ဝင်ငွေခွန်ပေါ် မူတည်ပြီးတော့ မိမိမြို့နယ် စည်ပင်သာယာရေးကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သက်ဆိုင်ရာက လုပ်ငန်းတွေကို လုပ်သွားကြတာ ဖြစ်ပါတယ်။ အဓိကကတော့ လမ်းတံတား ရေပေးဝေရေး ဆောင်ရွက်တဲ့ အနေအထားဖြစ်ပါတယ်”လို့ ဦးစိုးလှိုင်က ဖြေကြားပေးခဲ့တာပါ။

‌ဒုတိယမေးခွန်းအနေနဲ့ တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီးတော့ စည်ပင်သာယာရေးအဖွဲ့က ဘယ်လိုအခွန်ကောက်ပြီးတော့ အခွန်ကောက်ခံရရှိမှု အခြေအနေကို မေးမြန်းခဲ့ပါတယ်။

စည်ပင်သာယာရေးအနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် တစ်သျှူးငှက်ပျောအား “ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်” အနေဖြင့် ကောက်ခံခဲ့ကြောင်း၊ တရုတ်နိုင်ငံကို တင်ပို့တဲ့ ကားတစ်စီးချင်း အပေါ်တွင် ကောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကားတစ်စီးလျှင် ရှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကားအစီးရေ ၂၈၁၀၀ ကျော်အား ကောက်ခံခဲ့ပြီး ၂ ဒဿမ ၂ ဘီလီယံ(သန်ပေါင်း ၂၂၀၀) ကျော်ရရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ် တစ်လအတွင်း ကားအစီးရေ ၉၈၀ ကျော်ကိုကောက်ခံရရှိပြီးဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဖြေကြားပေးပါတယ်။

“ပြီးခဲ့တဲ့နှစ်က တစ်လအတွင်းမှာ အစီးရေ ၅၀၀ ကျော်ရတယ်။ အခုတစ်လ အတွင်းမှာ အစီးရေ ၉၀၀ ကျော်ရရှိပြီးဖြစ်တဲ့အတွက် ဒီနှစ်က ပိုပြီးများမယ်လို့ ထင်တယ်”လို့ ဦးတင်မောင်ထွေးက ရှင်းပြပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုကတော့ အိမ်ခွန်ကောက်တဲ့အခါ စည်ပင်ဝန်ထမ်းနဲ့ အိမ်ရှင်/အိမ်ငှားနဲ့ ဖြစ်တဲ့ ပြဿနာကို မေးမြန်းပါတယ်။ ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး ကောက်ခံသလဲဆိုတာကို မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။

“အခွန်ကောက်တယ်ဆိုတာ သတ်မှတ်ထားတာရှိပါတယ်။ မိန်းလမ်းပေါ်မှာရှိတဲ့ အိမ်ဆိုရင် ဘယ်လိုကောက်ရမလဲ။ လမ်းကြားဆိုရင် ဘယ်လိုကောက်ရမလဲ ဆိုတာရှိပါတယ်” ဝန်ကြီးဦးနော်လီမှ ဖြေကြားပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေလွှမ်းမိုးခြင်းခံရတဲ့ ရပ်ကွက် ထက်ဝက်လောက်ဟာ ကျူးကျော်တွေဖြစ်ပြီးတော့ ဒီကျူးကျော်ကိစ္စတွေမှာ စည်ပင်အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပါသလဲလို့လည်း မေးခွန်းထပ်ထုတ်ခဲ့ပါတယ်။

“ဒါကျတော့ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့နဲ့ပဲ ဖြေရှင်းလို့မရပါဘူး။ မြစ်ကြီးနားမြို့မှာ အရင်က လယ်ကွက်တွေပေါ့။ စပါးစိုက်တဲ့ လယ်ခင်းတွေက ဘယ်လိုဖြစ်လာသလဲဆိုရင် ၊ခေတ်ကာလ ကြာမြင့်လာတဲ့အခါကျတော့ လူနေရပ်ကွက်တွေဖြစ်လာတယ်။ ဒီကျုးနေပြီးသား ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတော့ ဋ္ဌာနပေါင်းစုံ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးက ရှင်းပြပါတယ်။

မေးခွန်းနဲ့ ပတ်သတ်ပြီးတော့ ညွှန်ကြားရေးမှူး ဦးစိုးလှိုင်က ကျူးကျော်ရပ်ကွက်မျာအား လယ်/ဆည်ဝန်ကြီးနဲ့အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားဝင်ရပ်ကွက်များဖြစ်လာရေး ဆောင်ရွက်နေကြောင်း၊ ကျူးကျော်ရပ်ကွက်များဟာ တရားဝင်ခြင်း မရှိတဲ့အတွက် စည်ပင်အနေနဲ့ မည်သည့်အခွန်အခကိုမှ မကောက်ခံကြောင်းလည်း ဖြည့်စွက်ဖြေကြားခဲ့ပါတယ်။

လမ်းတံတား တည်ဆောက်နေတဲ့ အပေါ်မှာလည်း အရည်အသွေး မပြည့်မီတာ၊ အချိန်မီ မပြီးစီးတာတွေ အတွက်လည်း ဘယ်လို ကိုင်တွယ်ဆောင်ရွက်လဲဆိုတဲ့ မေးခွန်းကို ဝန်ကြီးက ဖြေကြားရာတွင် စည်ပင်သာယာရေး ဘတ်ဂျတ်နဲ့ ဆောင်ရွက်ရတဲ့လုပ်ငန်းရှိသလို ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းများလည်း ရှိကြောင်း ပြောကြားပါတယ်။

“စည်ပင် ပတ်သက်တဲ့ လုပ်ငန်းတွေကတော့ အားလုံး ရာနှုန်းပြည့်ပြီးပါတယ်။ မပြီးတဲ့ လုပ်ငန်း တွေကကျတော့ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ လုပ်တဲ့အပိုင်းတွေရှိပါတယ်။ တင်ဒါပေးတာကျတော့ ပြည်နယ်အစိုးရရဲ့ အပိုင်းဖြစ်ပါတယ်”လို့ ဝန်ကြီးက ရှင်းပြပါတယ်။

မြစ်ကြီးနားမြို့ အတွင်းမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြတွေနဲ့ ပတ်သက်လို့တော့ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီးတော့ အသိပညာပေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမေးခွန်း အနေနဲ့ကတော့ တင်ဒါစနစ်နဲ့ ပေးထားတဲ့ သားသတ်လိုင်စင်ကိစ္စပါ။ အမဲသတ်လိုင်စင်ဆို တင်ဒါအောင်ထားတာ ၆၀၀၀ ပါ။ ဈေးမှာရောင်းတဲ့ဈေးက ၁၂၀၀၀ ဖြစ်နေတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲဆိုပြီး မေးခဲ့တာပါ။

“သတ်မှတ်ထားတဲ့ ဈေးနှုန်းဆိုတာ ဆိုင်ရှေ့မှာ ကပ်ထားတဲ့ဟာက သတ်မှတ်ထားတဲ့ ဈေးနှုန်းပဲ။ သတ်မှတ်ထားတဲ့ဈေးထက် ကျော်ရောင်းရင် ကျွန်တော်တို့ကို လာတိုင်ပါ။ စိစစ်အရေးယူပေးမယ်။ ပထမအကြိမ် ဒဏ်ငွေဆယ်သိန်း၊ ဒုတိယအကြိမ်ဆို သိန်း ၂၀၊ တတိယအကြိမ်ဆို ဆိုင်ကိုသိမ်းမယ်”လို့ ဦးစိုးနိုင်က ပြောဆိုပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၃၀ ရှိပြီးတော့ မြစ်ကြီးနားမြို့နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ စည်ပင်အခွန်အခအများဆုံး မြို့နယ်တစ်ခုဖြစ်သည့်အပြင် အသန့်ရှင်းဆုံး မြို့တော်တစ်ခုဖြစ်ကြောင်း စည်ပင်ဝန်ကြီးဟောင်း ဦးနေဝင်းက ပြောဆိုခဲ့ဖူးပါတယ်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here