ဖေဖော်ဝါရီ ၂၆
တစ်သျှူးငှက်ပျောစိုက်ပျိုးမှုသည် ဒေသခံပြည်သူများအတွက် အကျိုးမရှိသည့် လုပ်ငန်းဖြစ်သောကြောင့် ရပ်နားပေးစေလိုသည်ဟု ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ ဒေသခံများက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါ ငှက်ပျောစိုက်ခင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်ခြင်း၊ မြေယာများဆုံးရှုံးခြင်း၊ ချောင်းရေများပျက်စီး၍ ရေနေသတ်္တ၀ါများ သေကျေပျက်စီးခြင်းအပြင် ချောင်းရေသောက်သုံးသည့် ကျွဲ၊ နွားများတွင်လည်း ဖျားနာခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဘာဆိုဘာမှ အကျိုးမပြုတဲ့ ငှက်ပျောလုပ်ငန်းကို ရပ်စေချင်တယ်။ ကျွန်မတို့အိမ်ကိုဆိုရင် ငှက်ပျောစိုက်ခင်းနဲ့ ၀ိုင်းထားသလို ဖြစ်နေပြီ။ သူတို့ဆေးဖျန်းပြီဆိုရင် အရမ်းနံတယ်။ ခေါင်းတွေမူးပြီး အသက်ရှုတောင် ကျပ်တယ်။ သူတို့ ဆေးဘယ်လောက်ပြင်းသလဲဆိုရင် ကျွန်မတို့ရဲ့စိုက်ခင်းက ဒေသငှက်ပျောတွေ၊ ဟင်းသီးဟင်းရွက်တွေဆို အကြီးကြီးဖြစ်ကုန်တယ်”ဟု ရွှေညောင်ပင်ကျေးရွာမှ ဒေသခံဒေါ်ဘောမ်ဆန်က ပြောသည်။
အဆိုပါ ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများကြောင့် ထိုကျေးရွာရှိ ပြည်သူများအနေဖြင့် အသက်ရှုကျပ်ကာ ချောင်းဆိုးခြင်း ဝေဒနာကိုပါ ခံစားနေရသည့်အပြင် ခေါင်းမူးခြင်း၊ အော့အန်ခြင်းနှင့် အခြားသော ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
“ကျွန်မဆိုရင် ငှက်ပျောခြံနားမှာ နေ့စားသွားတာ တရုတ်တွေ ဆေးဖျန်းတဲ့နေ့နဲ့ကြုံလို့ ကိုယ်ဝန်ပျက်ကျပြီး တစ်လလောက် နေမကောင်းဘဲ အလုပ်ပျက်ခဲ့ရတယ်။ အလုပ်ကြမ်းလုပ်လို့ ပျက်ကျသွားတာ မဟုတ်ဘူး။ အရင်ကလေးတွေတုန်းကဆိုရင် ဘာမှမဖြစ်ဘူး။ ဒီကလေးနဲ့မှ ဖြစ်တာပါ”ဟု ၃၇ နှစ်အရွယ် ဒေသခံဒေါ်ဘောက်ဂျာက ပြောသည်။
ထို့အပြင် ဒေသခံအမျိုးသမီးတစ်ဦးသည် ငှက်ပျောစိုက်ခင်းတွင် အသုံးပြုသည့်အိတ်ကိုတွေ့ရှိသဖြင့် ၎င်း၏ အိမ်၌အသုံးပြုရန်ယူလာပြီး ရေဖြင့်ဆေးရာ အဆိုပါအမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အနီစက်များဖြစ်ကာ ယောင်ကိုင်းလာပြီး မျက်လုံးကွယ်သည်အထိဖြစ်ခဲ့သောကြောင့် အဆိပ်ဖြေဆေး ထိုးပေးခဲ့ကြရသည်ဟုဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“တရုတ်က မြေသြဇာလားဘာလဲတော့မသိဘူး အဲဒါထည့်တဲ့အိတ်ကို တွေ့တော့ ကောင်းသေးတာနဲ့ အိမ်မှာတစ်ခုခုအသုံးပြုဖို့ဆိုပြီး ချောင်းထဲမှာဆေးပြီး ယူလာမိတယ်။ အိမ်ရောက်တော့ တစ်ကိုယ်လုံး ခူယားမိသလိုနဲ့ စပ်ဖျဉ်းဖျဉ်းနဲ့ ယားလာတယ်။ အမျိုးသားက အလုပ်သွားတော့အိမ်မှာက ကလေးငယ်နှစ်ယောက်နဲ့ ကျွန်မပဲရှိတာ။ သေမလို ဖြစ်ခဲ့ရတယ်”ဟု ထိုအဖြစ်အပျက်များကို ကိုယ်တွေ့ကြုံခဲ့သည့် ဒေါ်ထုဆန်က ပြောသည်။
ရွှေညောင်ပင်ကျေးရွာမှ ဒေသခံများသည် ယခင်က ၀န်ပေါင်ခချောင်းတွင် ရှိသည့်ငါးများကို ရှာဖွေစားသောက်ခဲ့ကြသော်လည်း တရုတ်ငှက်ပျောကုမ်္ပဏီများ ၀င်ရောက်လာသည့်အချိန်မစှ၍ ထိုချောင်းအတွင်း ရေနေသတ္တ၀ါများကို မတွေ့ရှိတော့ကြောင်း ဒေသခံများက ပြောသည်။
“ငါးမပြောနဲ့ ပုဇွန်တောင် မရှိတော့ဘူး။ ခြံလုပ်ပြီးနေတဲ့သူတွေလည်း အခုတော့ အဲဒီက ရေကိုသောက်လို့ မရတော့ဘူး။ ငါးလည်း ရှာစားလို့မရတော့ဘူး။ ဒေသထွက်ငါးတောင် မ၀ယ်စားရဲတော့ဘူး”ဟု ဒေသခံနန်ဇင်းခေါန်ဂျာက ပြောသည်။
ထို့အပြင် ဒေသခံများ မွေးမြူထားသည့် ကျွဲ၊နွားများကိုလည်း ၀န်ပေါင်ခချောင်းရေ မသောက်သုံးမိစေရန် အချိန်ပေး လိုက်လံထိန်းကျောင်းနေရသောကြောင့် မိသားစုစားဝတ်နေရေးအတွက် လစ်ဟာနေရသည်ဟုလည်း ဒေသခံများကဆိုသည်။
“အိမ်က နွားတွေလည်း ၀န်ပေါင်ခချောင်းရေသောက်မိလို့ တစ်ကိုယ်လုံးတုန်ပြီး သေမလိုဖြစ်သွားတယ်။ ပဲပုတ်တွေ၊ ကန်စွန်းရွက်တွေ၊ တခြားဆေးရွက်နဲ့ ဆေးမြစ်တွေကို ထောင်းပြီး တိုက်ခဲ့ရတယ်။ အဲဒါနဲ့ တစ်လလောက်ကြာမှ ပြန်ကောင်းလာတာ။ သူများနွားတွေလည်း အဲဒီလိုဖြစ်တယ်လို့ ကြားတယ်”ဟု ရွှေညောင်ပင်ဒေသခံဒေါ်ထုဆန်က ပြောသည်။
ရွှေညောင်ပင်ကျေးရွာတွင် တစ်သျှုးငှက်ပျောလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက နောင်လာနောက်သားများအတွက် မြေနေရာများ ရှိတော့မည်မဟုတ်သောကြောင့် ပြည်သူများအတွက် အကျိုးမရှိသည့် ထိုလုပ်ငန်းကို ရပ်နားပေးစေလိုကြောင်း ဒေသခံများကပြောသည်။
ထို့အပြင် ရွှေညောင်ပင်ကျေးရွာအတွင်း တစ်သျှုးငှက်ပျောကုမ်္ပဏီများ ၀င်ရောက်လာပြီးနောက်ပိုင်းတွင် ဒေသခံများအချင်းချင်း မြေယာအငြင်းပွားမူများ ဖြစ်ပွားနေရသည့်အတွက် ထိုကုမ္ပဏီများကို ကျေးရွာအတွင်းမှ ထွက်သွားစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
“တချို့က ငါတို့ ပိုက်ဆံမရှိလို့ ငှားလိုက်တာ။ မင်းတို့မြေတွေ ငှားတာမဟုတ်ဘူးလို့ ပြောတဲ့သူတွေ ရှိတယ်။ တချို့က မြေတွေကိုမငှားဘဲ ကိုယ့်မြေတွေကို ကာကွယ်ရအောင်ဆိုပြီး ပြောတဲ့သူတွေ ရှိတယ်။ တချို့ကြတော့လည်း အရင်က ဘိုးဘွားပိုင်မြေဆိုပြီး ပြန်လုပြီး ငှားစားတဲ့သူတွေလည်း ရှိတယ်။ ပြဿနာတွေက စုံနေတာပဲ”ဟု ရွှေညောင်ပင်ကျေးရွာမှ ဒေါ်နန်ဇင်းခေါန်ဂျာက ပြောသည်။
ထိုပြဿနာရပ်များအပြင် တရုတ်ကုမ်္ပဏီက မြေငှားရမ်းခအဖြစ် တစ်ဧကကို တစ်နှစ်လျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ခြောက်နှစ် စာချုပ်ချုပ်ဆိုကာနှစ်နှစ်စာ ငှားရမ်းခပေးထားကြောင်း၊ ပွဲစားများက ပုံစံ (၇)ပြုလုပ်ပေးမည်ဟုဆိုကာ တစ်ဧကလျှင် နှစ်သောင်းနှုန်းနှင့် ဖြတ်ယူထားသော်လည်း လက်ရှိအချိန်အထိ ပုံစံ ၇ ကို လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း သိရသည်။
“တချို့က မငှားလိုက်ရမှာတောင် စိုးရိမ်ကြတယ်။ ဘာလို့လဲဆိုရင် နေ့စားခက တစ်ရက် ၅ ထောင်ပဲရတာဆိုတော့ တစ်သိန်းနှစ်သိန်းဆိုတဲ့ ပမာဏက သူတို့အတွက် အများကြီးဖြစ်နေတော့ ငှားကြတယ်။ CF မြေတွေကိုလည်း တချို့က မြေပုံတွေ ပြုပြင်ယူပြီးတော့ ငှားလိုက်ကြတယ်။ အဲဒီလိုအခြေအနေတွေ ဖြစ်နေတယ်”ဟု ဒေါ်ခေါန်ဂျာက ဆက်လက်ပြောသည်။
ထို့အပြင် တရုတ်ကုမ်္ပဏီများကလည်း ၎င်းတို့အား ဒေသခံများလက်ခံကာ မြေယာများငှားရမ်းပေးစေလို၍ ကျေးရွာအတွင်း လိုအပ်သည်များကို လိုက်လံဖြည့်ဆည်းပေးနေကြောင်း သိရသည်။
“တချို့က ကျွန်မတို့လို ကန့်ကွက်နေတဲ့လူတွေကို ရေစီးသန်တဲ့နေရာမှာ သွားမပိတ်နဲ့မျောပါသွားလိမ့်မယ်လို့ ပြောတယ်။ အခုကျွန်မတို့အနေနဲ့သူတို့ကို မဆန့်ကျင်ခဲ့ဘူးဆိုရင် ရာဇ၀င်မလှဘူး ဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ တရုတ်ကုမ်္ပဏီအနေနဲ့ မြေကို ၆ နှစ်စီမံကိန်းနဲ့ငှားပြီး ငှက်ပျောစိုက်ပျိုးနေတာကြောင့် ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကြုံနေရပြီး နောင်လာနောက်သားတွေအတွက် သမိုင်းမကျန်ဘဲ ဖြစ်သွားမှာကို စိုးရိမ်ရတယ်”ဟု ဒေါ်ခေါန်ဂျာက ပြောသည်။
ဒေသခံများအနေဖြင့် ၎င်းတို့ ကြုံတွေ့နေရသည့် အထက်ပါ ပြဿနာရပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်း ကြားခဲ့သော်လည်း တစ်စုံတရာဖြေရှင်းပေးခြင်း မရှိသောကြောင့် သက်ဆိုင်ရာ အစိုးရဌာနမှ တာဝန်ရှိသူများအနေဖြင့် ရွှေညောင်ပင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးကာ ဖြေရှင်းပေးစေလိုသည်ဟု ဒေသခံများကပြောသည်။
“ကျွန်မတို့ကတော့ ခြံတွေရောင်းပြီး တခြားမှာ သွားနေဖို့ စဉ်းစားထားတယ်။ မဟုတ်ရင် အရမ်းနံလို့ ဘယ်လိုမှ နေလို့မရဘူး။ ကျွန်မတို့အနေနဲ့ တရုတ်တွေကို မောင်းထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ရွာသားတွေအနေနဲ့ နိုင်ငံတော်အစိုးရဆီ စာတင်မယ်။ မရရင်လူထုအင်အားပြမယ်လို့ စဉ်းစားထားတယ်။ ဘာပဲပြောပြော ကျေးရွာအုပ်ချုပ်ရေးတွေက ပြည်သူအသံကို လုံးဝနားမထောင်ပေးဘူး”ဟု ဒေါ်ဘောမ်ဆန်က ပြောသည်။
သက်ဆိုင်ရာအစိုးရအနေဖြင့် တစ်သျှူးငှက်ပျောလုပ်ငန်းများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်မှုများ မပြုလုပ်ပေးနိုင်ပါက တရုတ်ကုမ္ပဏီသုံး ဓာတုဆေးဝါးများ၏ဒဏ်ကိုခံနိုင်ရန် မိမိခန္ဓာကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုသော နည်းလမ်းများကို ကျွမ်းကျင်ဆရာဝန်များက လာရောက် သင်ကြားပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။
“တစ်သျှူးငှက်ပျော ကုမ္ပဏီတွေကို မြေငှားတာက တပ်ကအများဆုံးဆိုတော့ သိချင်တာက တပ်မြေကို အခုလိုငှားလို့ရသလား၊ သစ်တောထိန်းသိမ်းရေး CF မြေတွေကိုလည်း ငှားလို့ရသလား ဆိုတာပါ။ တရုတ်တွေသုံးတဲ့ ဓာတုဆေးဝါးနဲ့ မျိုးစေ့တွေကို မြန်မာနိုင်ငံဥပဒေထဲမှာ တရားဝင်ခွင့်ပြုထားလို့ သုံးနေတာလား၊ တကယ်လို့ ခွင့်ပြုချက်ရထားတယ်ဆိုရင် လူတွေကို ဒီလောက်ထိအန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးတွေကို သုံးခိုင်းရတာ ဘာရည်ရွယ်ချက်တွေရှိလို့လဲ။ ခွင့်ပြုချက် မရဘူး၊ သူတို့ မသိဘူးဆိုရင် အမြန်ဆုံး လာစစ်ဆေးပေးစေချင်တယ်”ဟု ဒေါ်နန်ဇင်ခေါန်ဂျာက ပြောသည်။
လက်ရှိအချိန်တွင် ရွှေညောင်ပင်ကျေးရွာမှ ဒေသခံများအနေဖြင့် ငှက်ပျောစိုက်ခင်းများတွင် အသုံးပြုသော ဓါတုဆေးဝါးများကြောင့် အဆိပ်မမိစေရန် နေ့စဉ်ဆေးမြီးတိုများသုံးစွဲကာ ပဲပုတ်များစားသုံးနေကြရသည်ဟု သိရသည်။
မွန်းမွန်းပန်







