ပြင်ဆင်လိုက်သည့် ငြိမ်းစုစီဥပဒေကြမ်းသည်  ပြည်သူ၏ပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်လိုက်သော ဥပဒေဖြစ်နေဟု ပါတီများဝေဖန်နေ

1042

ဖေဖော်ဝါရီ ၂၇

ပြင်ဆင်လိုက်သည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်းသည် ပြည်သူလူထု၏ ပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်လိုက်သော ဥပဒေဖြစ်သည်ဟု ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မြစ်ကြီးနားတာဝန်ခံ  ဦးဇော်ဂျတ်က ဝေဖန်လိုက်သည်။

ငြိမ်းစုစီဥပဒေအား တတိယအကြိမ်မြောက်ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် အများပြည်သူသိရှိစေရန်ချပြခဲ့ပြီး ထိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ဦးဇော်ဂျတ်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“ပြည်သူတွေရဲ့ ပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်တယ်လို့ မြင်ရတယ်။ ဘာလို့လဲဆိုရင် အဲဒီမှာ ရေးထားတာတွေ အများကြီးပါတယ်။ ဘယ်သူက စပွန်ဆာလုပ်တယ်ဆိုတာ အတိအကျပေးရမယ်တဲ့။ ပိုပြီး စိစစ်လာတာ တွေ့ရတယ်”ဟု ဦးဇော်ဂျတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ငြိမ်းချမ်းစွာ စုဝေခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ခန့်မှန်းကုန်စရိတ်နှင့် ကုန်ကျခံမည့် ပုဂ်္ဂိုလ်အဖွဲ့အစည်းတို့ကို ဖော်ပြရန်လည်း ပါရှိသည်။

“ပြည်သူလူထုကလည်း စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေကို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရကို ထုတ်ဖော်ပြောဆိုတာတွေ ရှိတယ်။ ငြိမ်းစုစီမှာ တင်ပြတဲ့ စကားလုံးနဲ့လွဲမှားတာတွေ ရှိတာပေါ့။ ဒါတွေကိုမအော်နဲ့ဆိုတာတွေ ဖြစ်လေ့ဖြစ်ထရှိတယ်။ မကြိုက်လို့ ဆန္ဒပြပွဲလုပ်တာလေ။ သူတို့လုပ်ပါဆိုတဲ့ဟာကိုပဲ ပြောမယ်ဆိုရင်တော့ ဆန်္ဒပြစရာ မလိုဘူးလေ”ဟု ဦးဇော်ဂျတ်က ထပ်မံပြောသည်။

အဆိုပါ ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအ၀င်  အခြားနိုင်ငံရေး ပါတီ ၂၁ ပါတီက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်မည့် ဥပဒေမူကြမ်း၏ ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်သည်ဟုလည်း အထက်ပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဥပဒေမူကြမ်း၏ ပုဒ်မ ၁၈ တွင် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသောအခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ်္စည်းကိုလည်းကောင်း အခြားနည်းလမ်း တစ်ခုခုကိုလည်းကောင်းသုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

တတိယအကြိမ်မြောက် ပြင်ဆင်သည့် ယခုဥပဒေကြမ်းသည် အစိုးရသစ်လက်ထက်တွင် လွှတ်တော်က ဒုတိယအကြိမ်မြောက် ပြင်ဆင်လိုက်သည့် ဥပဒေကြမ်းဖြစ်ပြီး ထိုဥပဒေကြမ်းထဲတွင် အဓိကပြင်ဆင်ချက် ၃ ချက် ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဥပဒေကြမ်း၏ ရည်ရွယ်ချက်နှင့် ပြင်ဆင်ချက်များတွင် ဒီမိုကရေစီ လူ့ဘောင်နှင့်မကိုက်ညီသော ပြဌာန်းချက်များ ပါဝင်နေသည်ဟု ထိုထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အပြင် ပြင်ဆင်ချက်များသည် ရှင်းလင်းပြတ်သားမှုမရှိဘဲ အဓိပ်္ပါယ်အမျိုးမျိုးကောက်ယူဖွင့်ဆိုနိုင်ကာ ဥပဒေအာဏာတည်ရေးအတွက် တာဝန်ယူထားသူများ၏ လိုသလိုအသုံးချနိုင်သည့် အခြေအနေကို စိုးရိမ်မိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ပြင်ဆင်ချက်များသည် ပြည်သူတို့၏အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့အပေါ် တားဆီးကန့်သတ်ခြင်းဖြင့် ဒီမိုကရေစီအခွင့်အရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ငြိမ်းချမ်းစွာ စုဝေခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်ပေးရန် ဖေဖော်ဝါရီလ ၁၉ ရက်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here