၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကို မကြာခင် ကျင်းပတော့မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေသည့် မြန်မာနိုင်ငံ၏ ရှေ့ရေးအတွက် ရွေးကောက်ပွဲကြီးက အဆုံးအဖြတ်ဖြစ်နေပါသည်။
လာမည့် အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ(၈)ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပမည် ဟုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောကြားထားသည်။
ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီတိုင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိဖို့ များစွာ ပြင်ဆင်နေကြတာကို တွေ့နေရသည်။ တိုင်းရင်းသားပါတီ အချို့လည်း ကိုယ့်ပြည်နယ်တွင် အင်အားကြီး ပါတီ ဖြစ်လာရေး၊ ကိုယ့်တိုင်းနှင့်ပြည်နယ်မှာ အနိုင်ရရှိရေးအတွက် ပါတီတွေ ဖျက်သိမ်းပြီး ပူးပေါင်းလာကြသည့် တိုင်းရင်းသားပါတီများကိုလည်း မြင်တွေ့နေရသည်။ ယခုလို ပူးပေါင်းလိုက်ခြင်းသည် ပြည်သူလူထုအတွက် မဲပေးရာတွင် ခေါင်းမရှုပ်စေသည့် မဲပေးချင်မှုမျိုး ဖြစ်လာမည်မှာ အမှန်ပါ။
၂၀၂၀ ရွေးကောက်ပွဲကြီးသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ခုနှစ် အထွေအထွေရွေးကောက်ပွဲများနှင့် ကွာခြားလာမည်ဖြစ်သည်။ ရွေးကောက်ပွဲ မဲပေးရာမှာ အတွေ့အကြုံရှိလာကြပြီးဖြစ်တဲ့ ပြည်သူလူထု များလည်း ပါတီတွေကို သေချာစိစစ်ရွေးချယ်ပြီး မဲပေးလာကြမည်ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီလား၊ NLD ပဲဆက်နိုင်မလား၊ ပါတီသစ်များနေရာယူသွားမလား တိုင်းရင်းသား ပါတီများကပဲ ကိုယ့်ဒေသတွေမှာ အနိုင်ရယူကြမလား၊ သို့မဟုတ် ညွန့်ပေါင်းအစိုးရ ဖြစ်လာလေမလား အလွန်ပင် စိတ်ဝင်စားစရာကောင်းသည့် ရွေးကောက်ပွဲကြီးဖြစ်လာမည်။
သို့သော် မည့်သည့်ပါတီ အနိုင်ရရှိရရှိ၊ ပြည်သူလူထုလိုအပ်နေသည့် တောင်းဆိုချက်များ၊ ပြည်သူအကျိုးအမှန်တကယ် ဖြည့်ဆည်းလုပ်ဆောင်ပေးဖို့သည်သာ အဓိကဖြစ်သည်။ မဲဆွယ်စည်းရုံးစဉ် ပြည်သူလူထုကို လုပ်ဆောင်ပေးမည်ဟု ပေးထားသည့် ကတိကဝတ်များကို လစ်လျှူရှုမသွားရန် အထူးလိုအပ်သည်။
မဲဆွယ်စည်းရုံးစဉ် ပြည်သူလူထုကို ငြိမ်းချမ်းရေး၊ အဂတိလိုက်စားမှုများ ပပျောက်ရေး၊ အခွန်၊ မြစ်ဆုံအရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ စီးပွားရေး၊ အမျိုးသမီးအရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အရေးများရရှိရေး လုပ်ဆောင်ပေးမည် စသဖြင့် နိုင်ငံရေးပါတီသို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်တွေက လူထုကို ကတိပြု၊ အာမခံထားသည်။ ကတိတစ်ရပ် ပေးကြသည်။
ထို့ကြောင့် ပါတီ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များ အစိုးရဖြစ်လာမည်၊ လွှတ်တော်အတွင်း သို့ ရောက်ရှိခဲ့ကြမည်ဆိုလျှင် ပြည်သူလူထု ယုံကြည်အားထားရပြီး ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုကာ အာမခံထားသည့်ကတိများကို မေ့လျော့မသွားကြဘဲ ဂတိတည်သူများဖြစ်ကြဖို့တိုက်တွန်းလိုပါသည်။
၂၀၁၅ -၂၀၂၀ ကြားကာလများတွင် ပြည်သူလူထုများ အားမလိုအားမရ ဖြစ်ခဲ့ကြတာ မိမိမြို့နယ်၊ တိုင်း၊ ပြည်နယ်များ၏ အားနည်းချက်၊ အားသာချက်များ ပေါ်လွင်ခဲ့သည်။ ယနေ့အချိန်အထိ လွှတ်တော်ထဲတွင် အားရကျေနပ်လောက်သည့်အထိ မိမိမြို့နယ်၊ ပြည်နယ်၊ တိုင်း အတွက် စွမ်းစွမ်းတမံ မေးခွန်းများမေးသည့် ကိုယ်စားလှယ် လက်ချိုးရေလို့ရသည့် အတိုင်းအတာတွင် ရှိနေဆဲဖြစ်သည်။
လာမည့် နိုဝင်ဘာ (၈)ရက်နေ့၌ မဲပေးခွင့်ရှိသည့် ပြည်သူတိုင်း တိုင်းပြည်အတွက် မဲတစ်ပြား မဆုံးရှုံးရလေအောင် သွားရောက်မဲပေးကြဖို့ တစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း မြစ်ကြီးနားသတင်း ဂျာနယ်က ရေးသားအပ်ပါသည်။





