ဖေဖော်ဝါရီ ၂၅
စတုတ္ထအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို ယခုနှစ် ဧပြီလ နောက်ဆုံးအပတ်တွင် ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအရ လာမည့်ညီလာခံအား သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးတွင် ကျင်းပရန် ဆွေးနွေးခဲ့ကြပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO)နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တို့ ပြန်လည်တွေ့ဆုံမှုတွင် သင်္ကြန်အပြီး ဧပြီလ နောက်ဆုံးအပတ်တွင် ကျင်းပရန် ရွေးချယ်ထားသည်ဟု ကြားသိရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများအဖွဲ့ဝင် ဒေါက်တာတူးဂျာက ပြောသည်။
“အခု ရေဘုယျ ခန့်မှန်းထားတာက ဧပြီလနောက်ဆုံးအပတ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ JICM မှာ ဆွေးနွေးထားတာက သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးပေါ့ ဒီလိုဆွေးနွေးထားတယ်။ နောက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ NRPC ပြန်တွေ့တဲ့အခါ သင်္ကြန်အပြီး ဧပြီလ နောက်ဆုံးပတ်လို့ ပြန်ရွေးထားတယ်။ ဒီဟာက ကြားသိရတဲ့သတင်းပေါ့။ မတ်လ မှာ ပြန်တွေ့မယ်။ NCA ထိုးတဲ့အဖွဲ့နှင့် အစိုးရတွေ့မယ်။ အဲ့ဒီမှာ ပိုပြီးခိုင်မာသွားလိမ့်မယ်။ ကျင်းပမယ့်ဟာကတော့ သေချာဖို့တော့ ရှိပါတယ်။ သေချာသလောက်ရှိတယ်လို့ ပြောလို့ရပါတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ကျင်းပနိုင်ရန် အစိုးရနှင့် နှစ်ဖက်အလုပ်အဖွဲ့များ၊ တတိယအကြိမ် နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ NRPC တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း NRPC မှ သိရသည်။
ပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး၊ မတ်လ ၁၂ ရက်နေ့တွင် UPDJC အစည်းအဝေးပြုလုပ်သွားမည်ဟု သဘောတူထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုထားသည်။
၂၁ ရာစု ပင်လုံအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊လက်ရှိအချိန်ထိ ကျင်းပနိုင်ခြင်းမရှိဘဲ ကြန့်ကြာနေခြင်းဖြစ်သည်။
ညီလာခံ နောက်ဆုံးနေ့တွင် အစည်းအဝေး၏ သဘောထား ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် နောက်ထပ်ညီလာခံများကို ၂၀၁၈ ခုနှစ်အတွင်းတွင် နောက်ထပ်တစ်ကြိမ်ကျင်းပနိုင်ရေးနှင့် ၂၀၁၉ ခုနှစ်တွင် ၂ ကြိမ်ကျင်းပနိုင်ရေးတို့ ပါရှိသည်။
ယခုကဲ့သို့ ကြန့်ကြာနေခြင်းအပေါ် ဒေါက်တာတူးဂျာက “ကြန့်ကြာနေတာက လက်နက်ကိုင် အဖွဲ့နှင့် အစိုးရကြား သူတို့ရဲ့ အချင်းချင်းပိုပြီး ပြေလည်အောင်၊ အပြန်အလှန် နားလည်မှုတွေရရှိအောင် လုပ်ရတယ်။ အဲ့ဒီမှာ ကြားတယ်။ နောက်တစ်ခုက မြောက်ပိုင်း အဖွဲ့ပေါ့၊ မြောက်ပိုင်းအဖွဲ့ကိုတော့ စောင့်တဲ့သဘော မတွေ့ရဘူး။ သူတို့အဖွဲ့လည်း အပစ်ရပ် ထိုးရင်တော့ လေ့လာသူအဆင့်တော့ အနည်းဆုံးရမှာပါ။ အဓိက ကြန့်ကြာနေတာက သူတို့အချင်းချင်းကြားမှာ အရင်ကတော့ အမျိုးသား အလိုက် ဆွေးနွေးပွဲတွေ ပိတ်ဆို့သွားတာတွေရှိတာကိုး၊ ဒါလည်း ခုနောက်ပိုင်း ခွင့်ပြုလိုက်တယ်။ သင်္ကြန်အပြီးမှာတော့ သေချာသလောက် ရှိနေပါတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ အဖြစ်၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍလေးခုမှ အချက်ပေါင်း ၃၇ ချက် သဘောတူခဲ့ပြီး တတိယအကြိမ် ညီလာခံတွင် ၁၄ ချက်ကို သဘောတူနိုင်ခဲ့သည် ပြည်ထောင်စုသဘောတူစာချုပ်တွင် အချက်ပေါင်း ၅၁ ချက်ကို ထည့်သွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
Salai







