ကချင်ပြည်နယ် ကျောင်းသူကျောင်းသားတွေကို ကိုယ်စားပြုပြီး ဂျပန်လေ့လာရေး ခရီးစဉ်ကို လတ်တလော သွားရောက်ခဲ့ပြီး ၂၀၁၈၊ ၂၀၁၉ ခုနှစ်ရဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းလည်းဖြစ်တဲ့ ဆယ်တန်းကျောင်းသူလေး မသွန်းဝတီလမင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

2320

ဒီအပတ်မှာတော့ ကချင်ပြည်နယ် ကျောင်းသူကျောင်းသားတွေကို ကိုယ်စားပြုပြီး ဂျပန်လေ့လာရေး ခရီးစဉ်ကို လတ်တလော သွားရောက်ခဲ့ပြီး ၂၀၁၈၊ ၂၀၁၉ ခုနှစ်ရဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းလည်းဖြစ်တဲ့ ဆယ်တန်းကျောင်းသူလေး မသွန်းဝတီလမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

သူမကတော့ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါက်တာ ထွန်းမင်းခိုင်( ဒု- ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး)နဲ့ ဒေါက်တာ ဖြိုးနန္ဒာဆွေ (မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး) တို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်ပါတယ်။ အခုလာမယ့် ပညာသင်နှစ်မှာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှာ ဒဿမတန်း ပညာသင်ကြားနေသူလေးပါ။ သူမ သွားရောက်ခဲ့တဲ့ ဂျပန် လေ့လာရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ ဗဟုသုတတွေ၊ သူမရဲ့ ဘ၀ ရည်မှန်းချက်တွေနဲ့ လူရည်ချွန်ကောင်း တစ်ယောက်ဖြစ်အောင် ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတဲ့အကြောင်းတွေကို မေးမြန်းထားပါတယ်။

မင်္ဂလာပါ ညီမလေးရေ ..။ အရင်ဦးဆုံးမေးချင်တာကတော့ ညီမက လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်တယ်ဆိုတော့ ဘက်စုံထူးချွန်တဲ့ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရလဲဆိုတာကို မောင်ငယ်၊ ညီမငယ်တွေ အတုယူလို့ရအောင် ပြောပြပေးပါ။
လူရည်ချွန်က ညီမ (၈)တန်းနဲ့ (၉)တန်းနှစ်မှာ ပြိုင်ဖြစ်ခဲ့တာပါ။ အဓိက သမီးက အားကစားဘက် အားနည်းတော့ နည်းနည်း ဖိလုပ်ရတယ်။ အားကစားကတော့ ကြက်တောင်ရိုက်တယ်။ ပြီးရင် ဗဟုသုတတွေ လေ့လာရတယ်။ နေ့တိုင်း သတင်းစာဖတ်တယ်။ သတင်းတွေကြည့်ရတယ်။ ကျောင်းစာကတော့ စာအုပ်ထဲကစာပဲ ဆိုတော့ ဖတ်လိုက်ရင်တော့ ရသွားတာပါပဲ။ ပြီးရင် စာရိတ္တတွေ၊ ဘဝတွေ လေ့လာရတယ်။ အင်တာဗျူးလည်း ဖြေရတယ်ဆိုတော့ လေ့လာရပါတယ်။ လူမှုရေးပိုင်းမှာတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် အမှိုက်ကောက်တဲ့ Campaign တို့မှာ ပါတယ်။ ကျောင်းကောင်စီမှာလည်း အဖွဲ့ဝင်တစ်ဦး ပါရှင့်။

ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဂျပန်လေ့လာရေးခရီးစဉ် သွားဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါ။
လေ့လာရေးခရီးစဉ်သွားဖို့ စာမေးပွဲကို ညီမက (၈)တန်းနှစ်တုန်းက ဖြေထားတယ်။ ဒါပေမယ့် အထက်မှာ အစ်ကိုကြီး အစ်မကြီးတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒီနှစ်မှာ အစ်ကိုတွေကို ရွေးသွားတယ်။ ဒီနှစ်မှာတော့ ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ သမီးကို ရွေးခဲ့တယ်။

ဒီခရီးစဉ် သွားဖို့အတွက် ဘာတွေပြင်ဆင်ခဲ့ရသလဲ။
ခရီးစဉ်မသွားခင် ရန်ကုန်မှာ သမီးတို့ ထ(၁)လမ်းမတော်မှာ Camp ၅ ရက် ဝင်ရတယ်။ အဲ့ဒီ Camp မှာ Presentation တွေ ပြင်ဆင်ရတယ်။ ကိုယ့်နိုင်ငံအကြောင်းကို ကိုယ် ဘယ်လို ပြောမယ်။ ဇာတိမြို့လေးအကြောင်းကို ဘယ်လိုပြောမယ်ဆိုတာတွေ ပြင်ဆင်တယ်။ ပြီးတော့ ဟိုမှာလုပ်မယ့် Poster Presentation ဆိုတာရှိတယ်။ လာမယ့် နိုင်ငံခြောက်နိုင်ငံက Presentation တွေ လုပ်ကြမယ်။ သိပ္ပံနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ သမီးရဲ့ ခေါင်းစဉ်ကတော့ သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတယ်။ ပြီးရင် သမီးတို့ ယဉ်ကျေးမှု ဖလှယ်တဲ့အနေနဲ့ အကတွေ တိုက်သွားရတယ်။ သြင်္ကန်ယိမ်းအကတိုက်တယ်။ ပြီးတော့ တိုင်းရင်းသားပေါင်းစုံအကတွေတိုက်တယ်။

လူရည်ချွန်နှစ်ထပ်ကွမ်း မသွန်းဝတီလမင်း

ဂျပန်မှာ ဘာတွေကြုံတွေ့ရလဲ။
ကြုံတွေ့ရတာတော့ မြန်မာပြည်နဲ့ ကွာခြားတယ်။ ပထမဦးဆုံး တွေ့ရတာက အမှိုက်လုံးဝမရှိဘူး ဂျပန်မှာ။ ရှာလို့တောင် မရဘူး။ အားလုံးလည်း သိကြတဲ့အတိုင်း ဂျပန်ကလူတွေက အရမ်း စည်းကမ်းရှိတယ်။ အိမ်သာထဲမှာဆိုရင်တောင် တန်းစီတယ်။ အဓိကကတော့ သမီးတို့သွားတာကတော့ သိပ္ပံပေါ့။ အဲ့ဒီခေါင်းစဉ်နဲ့ သွားတာဆိုတော့ သိပ္ပံနဲ့ ပတ်သက်တဲ့နေရာတွေ သွားရတယ်။ ဥပမာဆိုရင် သိပ္ပံပြတိုက်တွေ၊ ရေကြောင်းသိပ္ပံဌာနတွေ သွားတယ်။ ပြီးရင် တခြားနိုင်ငံက သိပ္ပံကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေနဲ့ တွေ့ခဲ့တယ်။ သမီးတို့ထက်တောင် အများကြီးထက်တဲ့ ကျောင်းသားတွေနဲ့ တွေ့ခဲ့တယ်။ သူတို့တွေရဲ့ နိုင်ငံက ပညာရေးစနစ်က သူတို့ပြောပြတာ ပညာရေးစနစ် ဘယ်လောက် ကောင်းတယ်။ သူတို့ဆီမှာ ဘယ်ဘာသာရပ်ကို ဘယ်လို အထူးပြုသင်ကြားနိုင်အောင် ကူညီပေးတယ်။ ပြီးရင် ဂျပန်က အထက်တန်းကျောင်း တစ်ကျောင်းကိုလည်း သွားလည်ခဲ့ရတယ်။ သွားလည်ခဲ့တယ်ဆိုတာ တစ်နေ့တာပေါ့နော်။ အဲ့မှာတွေ့ရတာက သူတို့ဆီမှာ ကျောင်းပြင်ပသင်ခန်းစာအနေနဲ့ ၄၇ ခုတောင်ရှိတယ်။ အဲ့ဒီထဲမှာ Photo Club တွေ ပါမယ်။ အားကစားကလပ်တွေ ပါမယ်။ သူတို့ ကြိုက်တာ ဝင်လို့ရမယ်။ အဲ့ဒါ အားကျစရာ ကောင်းတယ်။ ပြီးရင် နောက်တစ်ရက်က Tokyo City Univercity ကို သွားတယ်။ အဲ့ဒီကျောင်းက ကျောင်းသားတွေ လုပ်နေတဲ့ သုတေသနတွေ တွေ့ခဲ့ရတယ်။ ပြီးရင် တိုကျိုရဲ့ စာကြည့်တိုက်ပေါ့။ အဲ့ဒီမှာ စာအုပ်ပေါင်း ၂၅၀၀ ကျော် ရှိတယ်လို့ ကြားတယ်။ တော်တော်လေး သပ်ရပ် တယ်။ တိတ်ဆိတ်တယ်။ စည်းကမ်းရှိတယ်။ အဲ့ဒါတွေကို တွေ့ခဲ့ရပါတယ်။

အမှတ်အရဆုံး ဖြစ်ခဲ့တဲ့အရာ ဘာတွေရှိလဲ။
အမှတ်အရဆုံးက ဘာလဲဆိုရင် ၂၀၁၅ တုန်းက Physic နိုဘယ်ပညာရှင် ဒေါက်တာ တာကာအာကီတာကြည်သာနဲ့ တွေ့ခဲ့တယ်။ သူ့သင်ခန်းစာတွေ နားထောင်ခဲ့ရတယ်။ သူဘာကြောင့် နိုဘယ်လ်ဆုကို ရခဲ့တယ်။ သူရှာတွေ့ခဲ့တဲ့ နျူထရီနိုတွေ အကြောင်း အဲ့ဒါတွေကို တစ်နာရီစာ နားထောင်ခဲ့ရတယ်။ နောက်တစ်ယောက်က ဂျပန်နိုင်ငံက ပထမဦးဆုံး အာကာသယာဉ်မှူး သူ့ရဲ့ Lecture တွေကိုလည်း နားထောင်ခဲ့ရတယ်။ သူ့ရဲ့ Lecture နားထောင်ရတာ တကယ့်ကို အာကာသထဲ ရောက်သွားသလိုပဲ။ စကားပြောလည်း အရမ်းကောင်းတယ်။ ပြီးရင် သမီးတို့ထက် ဆန်းကြယ်တဲ့အတွေး၊ စိတ်ကူးအိပ်မက်တွေကို လမ်းစ ချပေးလိုက်သလိုပဲ။

အခက်အခဲ စိန်ခေါ်မှုတွေကကော…။
ကိုယ့်မြန်မာပြည်က သိပ္ပံနဲ့ ပတ်သက်ပြီး သိပ်မဖွံ့ဖြိုးသေးဘူး။ ကိုယ့်ဆီမှာ နည်းပညာကလည်း မဖွံ့ဖြိုးသေးဘူး။ ဆိုတော့ အဲ့ဒီကိုသွားတဲ့အချိန် တခြားနိုင်ငံက ကျောင်းသားတွေနဲ့ နည်းပညာဖလှယ်တဲ့အခါမှာ ကိုယ့်မှာ ပြစရာပညာ နည်းနေတယ်။ ယဉ်ကျေးမှု မြင့်မားပေမယ့်လည်းပေါ့နော်။ ယဉ်ကျေးမှုကတော့ အများကြီးရှိတယ်။ ဒါပေမဲ့ နည်းပညာပိုင်း အားနည်းနေတော့ ကိုယ့်မှာ နည်းနည်း အားငယ်ရတယ်ပေါ့နော်။

ဂျပန်နိုင်ငံရဲ့ နည်းပညာ၊ ပညာရေး၊ လူနေမှုပုံစံ စတဲ့ တိုးတက်မှုတွေကို လေ့လာခွင့်ရပြီးနောက် ညီမလေးရဲ့ ရှေ့ဆက်မယ့် လမ်းခရီးအတွက် ဘယ်လိုမျိုး တွန်းအားတွေ ဖြစ်စေခဲ့လဲ။
ဒီခရီးကလေ သမီးတို့အမြင်တွေ တကယ်ကို ပြောင်းသွားစေတယ်လို့ မြင်မိပါတယ်။ အရင်တုန်းကတော့ ကိုယ့်မြန်မာနိုင်ငံမှာပဲ အသိတွေက ရှိနေခဲ့တယ်။ အခုကတော့ ကိုယ့်အသိတွေက ကမ္ဘာအနှံ့ကို ပျံ့သွားတယ်။ အမြင်တွေ ပိုကျယ်လာတယ်။ ဆိုတော့ ကိုယ့်စိတ်ကူး အိပ်မက်တွေလည်း ပိုပြီးတော့ ကြီးလာတယ်။ ကိုယ်ဒီထက်လုပ်နိုင်မယ်လို့လည်း ယုံကြည်လာပါတယ်ရှင့်။

ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဂျပန်လေ့လာရေးခရီးစဉ် လိုက်ပါဖြစ်တော့ ညီမလေးရဲ့ ရင်တွင်းခံစားချက်ကို ပြောပြပေးပါ။
တကယ် အရမ်းပျော်ပါတယ်ရှင့်။ ဘာကြောင့်ဆို ကချင်ပြည်နယ်က တစ်ယောက်တည်း ပါတယ်လေ။ တခြားပြည်နယ်တွေကဆို နှစ်ယောက် သုံးယောက်လောက် ပါတယ်။ ကိုယ့်ကချင်ပြည်နယ်က ရန်ကုန်တိုင်းတို့ထက် စာရင်တော့ ပညာရေး နိမ့်ကျတယ်လို့ သူများတွေက ထင်ကြတယ်။ ဒါပေမဲ့ ဒီလိုပါလာတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်ရှင့်။

ညီမရဲ့ ဝါသနာနဲ့ အားလပ်ချိန်တွေမှာ ဘာတွေလုပ်တတ်လဲဆိုတာ ပြောပြပေးပါ။
အဓိကကတော့ စာဖတ်တာပေါ့။ စာအုပ်တွေ များများဖတ်ဖြစ်တယ်။ ပြီးရင် လူငယ်ဖြစ်တာကြောင့် သီချင်းနားထောင်တယ်။ တစ်ခါတလေတော့ သီချင်းဆိုတယ်ပေါ့။ ကိုယ့်ဝါသနာအရပေါ့..ဟုတ်။

စာဖတ်တယ်ဆိုတော့ ဘယ်လိုမျိုးစာအုပ်တွေ ဖတ်တာ ဝါသနာပါလဲ။
အဓိကကတော့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်တယ်။ ပြီးတော့ သမီးကြိုက်တာက ဆရာမ နိုင်းနိုင်းစနေ၊ ဆရာလင်္ကာရည်ကျော်ရဲ့ ဝတ္ထုတွေ၊ ဝတ္ထုတိုတွေ ကြိုက်တယ်။ ပြီးရင် အခုလောလောဆယ်ကတော့ ဆရာမြသန်းတင့်ရဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။

၁၂ နှစ်အရွယ်လောက် ကတည်းက ဆောင်းပါးတွေလည်း ရေးဖူးတယ်ဆိုတော့ …စာရေးတာရော ဝါသနာပါလား။
ဝါသနာကတော့ ပါပါတယ်။ ဒါပေမယ့် ကိုယ့်ခံစားချက်ပေါ်လာတဲ့အချိန်မှပဲ ရေးဖြစ်တာ များပါတယ်။

ဘယ်လိုစာမျိုး ရေးဖြစ်လဲ။
အဓိကက ညီမက Environmental Science ကို စိတ်ဝင်စားတယ်။ ပြီးရင် သမီး တိရစ္ဆာန်လေးတွေ ချစ်တယ်။ တိရစ္ဆာန်လေးတွေ ချစ်တော့ အဲ့အကြောင်းတွေ ပိုပြီးခံစားမိတာပေါ့။ အဲ့လိုတော့ ရေးဖြစ်ပါတယ်။

စာတွေ ထပ်ရေးသွားဖို့ကော ရှိလား။
အဲ့ဒါတော့ ကျိမ်းသေပေါက်ကြီး ပြောလို့မရဘူး။ ကိုယ်ရေးချင်ရင်တော့ ရေးဖြစ်မှာပါ။(ရယ်လျက်)

ညီမလေးရဲ့ ရည်မှန်းချက်ကိုလည် ပြောပြပေးပါ။
လောလောဆယ်တော့ ဆယ်တန်းပြီးရင် ဆေးကျောင်းတက်မယ်။ M.A တို့ Ph.D တို့ထိ ရောက်အောင် ကြိုးစားမယ်။ ပြီးရင် နောက်တစ်ခုရှိသေးတယ်။ သမီးက တိရစ္ဆာန်ဂေဟာ ဖွင့်ကြည့်ချင်တယ်။ တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားလှုံ့ဆော်သူ Environmental Activate ဖြစ်လာချင်ပါတယ်ရှင့်။

အခုက ဒဿမတန်း တက်ရောက်နေတာဆိုတော့ ပညာရေးပိုင်းကိုရော ဘယ်လိုမျိုး ကြိုးစားဖြစ်နေလဲ။
ဆယ်တန်းဆိုတော့ စာတော့ လုပ်ရတာပေါ့။ ဒါပေမဲ့ သမီးက ဒီရတဲ့ အားလပ်ချိန်လေးမှာ စာဖတ်ဖို့ ကြိုးစားတယ်။ အနည်းဆုံး တစ်ရက်ကို ဆယ်မျက်နှာလောက် ဖတ်နိုင်ရင်ကို ကျေနပ်နေပြီ။ ပြီးရင် သူများတွေက ဆယ်တန်းဆိုရင် အရမ်းကို စိတ်ဖိစီးမှုတွေ များတယ်။ ကိုယ်အတတ်နိုင်ဆုံး အဲ့ဒီလို မဖြစ်အောင် လုပ်တယ်။ ကိုယ့်စိတ်ကို အေးအေးထားတယ်။ တရားထိုင်ဖို့ ကြိုးစားတယ်။

ဖြည့်စွက်ပြောချင်တာ…။
ဒီခရီးစဉ်က ရခဲ့တဲ့ အသိပညာ ဗဟုသုတတွေကြောင့် သမီးတို့ မြန်မာနိုင်ငံတော်ကြီးကို ဒီထက်ပို တိုးတက်လာအောင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ စွမ်းဆောင်သွားနိုင်မယ်လို့ ကတိပေးပါတယ်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here