အောက်တိုဘာ ၁၁
ကချင်ပြည်နယ် ပြည်သူ့ပါတီတွင် ပါတီဝင် ၂၀၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာမှ သိရသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်ပြည်နယ် နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းထားသည့် ပါတီဖြစ်ပြီး အဆိုပါ ပါတီတွင်လက်ရှိအချိန်တွင် ယင်းပါတီဟောင်းမှ ပါတီဝင်များနှင့် ပါတီဝင်အသစ် စုစုပေါင်း ၂၀၀၀၀ ဝန်းကျင်ခန့်ရှိနေပြီးဖြစ်ကြောင်း ဒေါက်တာတူးဂျာက ပြောသည်။
“အရင်က ၃ ပါတီရဲ့ ပါတီဝင်တွေလည်း ပါတီသစ်ရဲ့ ပါတီဝင်တွေဖြစ်နေတာပေါ့၊ ဒါတွေအားလုံး ပေါင်းမယ်ဆိုရင် သောင်းကျော်တာပေါ့ ဒါအပြင် ဖောင်အသစ်ဖြည့်တဲ့ ပါတီဝင်တွေ အရင်ကဘယ်ပါတီမှ မပါဖူးတဲ့ အပါပြောမယ်ဆိုရင် ခန့်မှန်းခြေ၂သောင်း ဝန်းကျင်တော့ရှိနေပါတယ် လောလောဆယ်”ဟု ၎င်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ယခင်ပါတီဝင် လူဦးရေစာရင်းမပါပဲ ပါတီအသစ်တို့ ပါတီဝင်ဖောင်ဖြည့်သူ ၅၀၀၀ ခန့် ရှိကြောင်းလည်း ၎င်းက ရှင်းပြပြောဆိုသည်။ အဆိုပါ ပါတီဝင်များတွင် ရှမ်းနီ၊ ရှမ်း၊ ဗမာ၊ ရခိုင်၊ ဂတူးဂနန်း စသည့် အခြားတိုင်းရင်းသားများ နှင့် ကချင်မျိုးနွယ် ၆ ခု မှ မျိုးနွယ်စုများလည်း ပါဝင်ကြောင်း သိရသည်။
“အခြား တိုင်းရင်းသားတွေရော ကချင်မျိုးနွယ်စုထဲကလည်း အစုံပါတယ်။ကဒူးကနန်းတွေပါ ပါတယ်။ များတော့ မများဘူး။ နည်းနည်းပါးပါး ဒီလိုပါဝင်ကြပါတယ်။ ဒါတောင် မြို့နယ်မှာ ပေးထားတဲ့ ဖောင်တွေကပြန်မစုရသေးဘူး”ဟု ဒေါက်တာတူးဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ကချင်ပြည်နယ်တွင် မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် မြို့နယ် ၁၂ မြို့နယ်တွင် ပါတီရုံးခွဲများ ဆိုင်းဘုတ်တင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ထို့အပြင် မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း ဖွင့်လှစ်လျက်ရှိနေပြီး ကျန်ရှိသည့် မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အတွင်းလှုပ်ရှားမည့် ပါတီအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အနည်းဆုံး ပါတီဝင်ဦးရေ ၅၀၀ ကို ပေးပို့ရမည်ဖြစ်ပြီး အနည်းဆုံးပါတီဝင်ဦးရေ ၁၀၀၀ ပေးပို့နိုင်ပါက တစ်နိုင်ငံလုံးအတိုင်းအတာတွင် လှုပ်ရှားနိုင်မည် ဖြစ်သည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီအနေဖြင့် ပြည်နယ်အတွင်းလှုပ်ရှားမှုကို အဓိကထားပြီး ပြည်နယ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်ဦးရေ ၇၀၀ ခန့် တင်ထားပြီးဖြစ်ကြောင်းလည်း ဒေါက်တာတူးဂျာက ပြောသည်။
“တစ်နိုင်ငံလုံး လှုပ်ရှားဖို့ကနေတော့ နောက်ပိုင်းမှ ပြန်စဉ်းစားရမယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဓိက ပြည်နယ်အတွင်းအတွက်ပါ။ ဒါပေမဲ့ တခြားပြင်ပမှာလည်း ဝင်ရောက်ယှဉ်ပြိုင် တာတွေရှိမယ်။ အထူးသဖြင့် ကချင်ပြည်နယ်သူပြည်နယ်သားတွင် များများစားစားနေထိုင်တဲ့ တခြားမြို့ကြီးတွေလည်းရှိသေးတာကိုး ဒါတွေကို ကြည့်ပြီးလုပ်သွားမှာပါ။ အဓိကတော့ ပြည်နယ်တွင်းကိုပဲ အလေးထားပြီးလုပ်သွားမှာပါ”ဟု ဒေါက်တာတူးဂျာက ပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)သည် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းထားသည့် ပါတီသစ်တစ်ခုဖြစ်ပြီး ယင်းပါတီတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် စည်းလုံးညီညွတ်ရေး နှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ)စသည့် ၃ ပါတီတို့က မိခင်ပါတီတွေကို ဖျက်သိမ်းကာ ပေါင်းစည်းထားသည့်ပါတီဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လက ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ဆိုင်းဘုတ်တင် ဗဟိုရုံးချုပ်ဖွင့်ပွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ကျင်းပခဲ့ပြီး ဇူလိုင်လတွင်လည်း ပါတီသစ်ကြိုဆိုပွဲ၊ ဆုတောင်းပွဲကို စီတာပူမနောင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
Salai







