ကချင်ပြည်နယ် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ဦးဆောင်ကော်မတီဖွဲ့စည်း

3396
ဒေါက်တာတူးဂျာ

မြစ်ကြီးနား၊ သြဂုတ် ၂

ကချင်ပြည်နယ် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ဦးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါဦးဆောင်ကော်မတီကို ဇူလိုင်လ ၃၁ ရက်က နိုင်ငံရေးပါတီများ၊ CSO, NGO ၊ ဘာသာရေးအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့၊ လူငယ်၊ အမျိုးသမီးနှင့် ဥပဒေပညာရှင်တို့ ဆွေးနွေးပွဲတစ်ခုပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌဦးအောင်ခမ်းထံမှ သိရသည်။

“ဆပ်ကော်မတီ လေးခုကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ပထမကတော့ မူကြမ်းရေးဆွဲရေးကော်မတီ ၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ သုတေသနဌာန ဆပ်ကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်။ လေ့ကျင့်ရေးပေါ့။ ဖက်ဒရယ်နဲ့ ဆိုင်တဲ့ဟာတွေကို သင်တန်းတွေပေးဖို့လည်း ဖွဲ့စည်းနိုင်ခဲ့တယ်၊ နံပါတ် ၄ အနေနဲ့ကတော့ ရရှိတဲ့အချက် အလက်တွေကို ပြည်သူလူထုသိအောင် အကုန်လုံးဖြန့်ချိမယ့် Conservation ကော်မတီနဲ့ Information ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့တယ်”ဟု ဦးအောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပိုမိုခိုင်မာလာရေး ဆက်လက်ဆောင်ရွက်သွားရန်အတွက် ယခုကဲ့သို့ Main ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီတွင် အဖွဲ့အစည်းပေါင်းစုံ ပါဝင်ကြောင်း နိုင်ငံရေးပါတီ၊ CSO ၊ ဘာသာရေး၊ အမျိုးသမီး၊ လူငယ်၊ IDP နှင့် ပညာရှင်များ ပါဝင်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

“နှစ်နှစ်လောက်ရှိပြီ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းရေးဆွဲရေးကို လုပ်ဆောင်ခဲ့တာ နှစ်နှစ်ကျော်ပြီ။ ပါတီဆိုဒ်ဘက်က ပါတီသုံးလေးခုက ပေါင်းပြီးလုပ်ခဲ့တယ်။ ပထမမူကြမ်းကရပြီ။ အဲ့ဒီအပေါ်မှာ ထပ်ပြီးဆွေးနွေးလေ့လာပြီးသုံးလေးလအတွင်းမှာ အချိန်ယူပြီးတော့မှ ဘာသာရေး၊ ယဉ်ကျေးမှုစတဲ့အဖွဲ့တွေ လက်လှမ်းမီသလောက်လိုက်ပြီး ရှင်းပြတယ်။ အကြံဉာဏ်တောင်းတယ် ဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တာပါ”ဟု ဒေါက်တာတူးဂျာကပြောသည်။

ဆွေးနွေးပွဲ တက်ရောက်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သော်လည်း ငါးမြို့နယ်ခန့်မှ ကိုယ်စားလှယ်များသာ တက်ရောက်နိုင်ခဲ့သည်ဟုလည်း ၎င်းကပြောသည်။

ပိုမိုပြည့်စုံသည့် ကချင်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းရရှိလာရေးအတွက် မြို့နယ်အလိုက် သွားရောက်ကာ ရရှိလာသည့်မူကြမ်းကို ဒေသအသီးသီးမှ လူထုများအား ရှင်းပြခြင်း၊ အကြံဉာဏ်တောင်းခံခြင်းများလည်း ပြုလုပ်သွားမည်ဟု ဦးအောင်ခမ်းကပြောသည်။

လက်ရှိအချိန်တွင် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ သွားရောက်ရန်အတွက် ရန်ပုံငွေ အခက်အခဲရှိနေပြီး သွားရောက်နိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

“ဒါက မူကြမ်းအဆင့်ပဲရှိပါသေးတယ်။ ကချင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့အဆင့်ထိ လုပ်ရမယ်။ ကျွန်တော်တို့ မျှော်မှန်းတာကတော့ ၂၀၂၀ မတိုင်မှီမှာ ၂၁ ရာစုပင်လုံညီလာခံမှာ ဖယ်ဒရယ်မှုတွေချမှတ်နိုင်ပြီဆိုရင် အဆင်သင့်ဖြစ်အောင် လုပ်ထားခြင်း ဖြစ်ပါတယ်။ ပြည်နယ်က မြို့နယ်အပေါ် မသက်ရောက်နိုင်သေးဘူး။ ဖိတ်ဖို့ ငွေရေးကြေးရေးအခက်အခဲအရသွားမယ့် ခရီးစဉ်တွေလည်း အများကြီးလိုသေးတယ် မလုပ်နိုင်သေးဘူး။ တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားမယ်”ဟု ၎င်းက ထပ်မံပြောဆိုသည်။

ယခုကဲ့သို့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရခြင်းမှာ လက်ရှိကျင်းပလျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် ပြည်နယ်ဖွဲ့အစည်းပုံအခြေခံဥပဒေ ကဏ္ဍဖြင့် ဆွေးနွေးရန် ပါရှိလာပါက အဆင်သင့်ဆွေးနွေးနိုင်ရန် ကြိုတင်ရေးဆွဲထားခြင်းဖြစ်သည်ဟု ဒေါက်တာတူးဂျာက ထပ်မံပြောဆိုသည်။

“ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါမှာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေရေးကြမယ် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးကြမယ်ဆိုတဲ့အခါ ပြည်နယ်မှာ ကိုယ့်ပြည်နယ်တွေပဲ ရေးရမှာကိုး အဲ့ဒီအခါ ကချင်ပြည်နယ်ရဲ့ အခြေခံဥပဒေရေးဆွဲဖို့ လိုအပ်လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင် ရေးဆွဲထားတာပါ။ တကယ်အခိုင်အမာရေးဆွဲဖို့ အချိန်ကျလာတဲ့အခါမှာ အထောက်အကူဖြစ်လာအောင် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ”ဟု ဒေါက်တာတူးဂျာက ပြောသည်။

ပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ရေးဆွဲရန်အတွက် လိုအပ်နေသေးကြောင်း၊ ယခု မိမိတို့ရေးဆွဲထားသည်မှာ ပါတီအနေဖြင့်ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ကချင်ပြည်နယ်မှ အခြားအဖွဲ့အစည်းများ ရေးဆွဲမှုများရှိလျှင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဒေါက်တာတူးဂျာက ပြောသည်။

ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မတီဝင်များအနေဖြင့် သုံးလတစ်ကြိမ်တွေ့ဆုံရန်နှင့် ကော်မတီအနေဖြင့် လိုအပ်လျှင်လိုအပ်သလို ဆွေးနွေးမှုများ ပြုလုပ်သွားရန်လည်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။

၎င်းတို့နိုင်ငံရေးပါတီများအနေဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရရှိလာရေးအတွက် ၂ နှစ်ကျော်ခန့် ပြင်ဆင်ခဲ့ကြပြီး ပြည်သူလူထုများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများကို ရှင်းပြပြောဆိုခြင်း၊ အကြံဉာဏ်ရယူခြင်းတို့ဖြင့် ပြင်ဆင်ရေးဆွဲခဲ့ကြောင်းသိရသည်။

ထို့အပြင် အဆိုပါမူကြမ်းကို ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်(KDP)ပါတီ ကိုယ်စားလှယ်များကဦးဆောင်ကာ စတင်ရေးဆွဲခဲ့သည့်အဆင့်၊ ၂၀၀၆ ခုနှစ် ပြည်ပတွင် ဆွေးနွေးတဲ့မူကြမ်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၆ နှင့် ၂၇ ရက်နေ့စီတာပူမနောကွင်းတွင် ကချင်ပြည်နယ်လူထုတို့နဲ့ညှိနှိုင်းကာ တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လမှစတင်ကာ မူကြမ်းအနေဖြင့် ထုတ်ဝေနိုင်ခဲ့သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ (KDP)ဥက္ကဋ္ဌ ဦးအောင်ခမ်းက ရှင်းပြသည်။

ဇူလိုင် ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ CSOs၊ NGOs၊ ဘာသာရေးအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့၊ လူငယ်၊ အမျိုးသမီး၊ ဥပဒေပညာရှင်များ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ ၁၀၄ ဦးတက်ရောက်ခဲ့ပြီး ဖွဲ့စည်းခဲ့သည့် ဦးဆောင်ကော်မတီအဖွဲ့တွင် ၄၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here