ကချင်မျိုးနွယ်များကြား အငြင်းပွားနေသည့် ဂျိန်းဖောနှင့် ကချင်အရေးကို အမှန်ရောက်အောင် ကချင်မျိုးနွယ်ခေါင်းဆောင်များ ကြိုးပမ်းနေ

6163

ကချင်တိုင်းရင်းသားမျိုးနွယ်များကို နိုင်ငံတော်ကသတ်မှတ်ရာတွင် ကွဲလွဲမှုများရှိနေခဲ့ခြင်းအပေါ် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီဝင်များက ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၈ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ စာပေးပို့ကာ နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတော်အကြီးအကဲများထံ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကချင်လူမျိုးများ၏ မျိုးနွယ် ကို ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၇ ရက်က ထုတ်ပြန်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းတွင် ကချင် ၆ မျိုးဟူ၍လည်းကောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် ကချင် ၁၂ မျိုးဟူ၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ခန့်မှန်း လူဦးရေစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကို ပေါင်းကာ ဖော်ပြထားသည့်ကွဲလွဲမှု များကို သွားရောက်တင်ပြခဲ့ ကြခြင်းဖြစ်သည်။
ကချင်ဆိုသည်မှာ ဂျိန်းဖောကို ဆိုလိုခြင်းဖြစ်သည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျယ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ကချင်မျိုးထဲတွင်ပါဝင်သည့် မျိုးနွယ်များ ပြန်လည်အတည်ပြုရေးအတွက် ကချင်အုပ်စုတွင် ပါဝင်သူများအားလုံး ပြန်လည်ဆွေးနွေး သုံးသပ်အတည်ပြုပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဗဟိုကော်မတီ အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။
“ကချင်ဆိုတဲ့အထဲမှာ ဂျိန်းဖောတစ်ခုထဲသာ ကချင်ပြည်နယ်ရှိသူများဖြစ်ပြီး ကျန်တဲ့မျိုးနွယ် ၅ ခုက ကချင်ပြည်နယ်ရရှိသူများ မဟုတ်တော့တဲ့အခြေအနေမျိုး အဓိပ္ပါယ် သက်ရောက်သွားတဲ့အတွက်ကြောင့် မှားယွင်းဖော်ပြချက်ကို ကျွန်တော်တို့ မျိုးနွယ်အားလုံးက တစ်ဦးချင်းရဲ့ ဆန္ဒကိုဖော်ထုတ်ပြီး တင်ပြခဲ့ပါတယ်။ ဒါကို မျိုးနွယ်စုအားလုံးကလည်း တစ်သွေး တစ်သံတည်းနဲ့ ဒီကချင်ညီမျှခြင်း”ဂျိန်းဖော” ဆိုတာကို ပယ်ဖျက်ပေးဖို့အတွက် လိုအပ်နေပြီ မဖြစ်မနေဆောင်ရွက်ရမှာဖြစ်တယ်ဆိုတာကို နိုင်ငံတော် အကြီးအကဲများ သိရှိနားလည်လာဖို့ သွားရောက်တင်ပြနိုင်ခဲ့ကြတာဖြစ်ပါတယ်”ဟု နေပြည်တော်သို့ လိုက်ပါသွားသည့် ဇိုင်ဝါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလနူးကပြောသည်။

ထို့အပြင် ကချင်မျိုးနွယ် ၆ ခုဖြစ်သော ဂျိန်းဖော၊ ရဝမ်၊လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါးမှ ကိုယ်စားလှယ်များလိုက်ပါကာ ပြည်ထောင်စုဝန်ကြီးအဆင့်များ၊ နိုင်ငံတော်အဆင့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မျိုးနွယ်တိုင်း၏ ခံစားချက်များကိုလည်း တင်ပြခွင့်ရခဲ့ကြောင်း ဦးလနူးက ပြောသည်။
ကချင်တိုင်းရင်းသားလူမျိုးများ ဖြစ်စဉ်နှင့်ပတ်သက်၍ ယခင် အစိုးရလက်ထက်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေဒေါ်ဒွဲဘူက ၂၀၁၂ ခုနှစ်ကတည်းက စတင်ကြိုးပမ်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်၏ ၁၀ ရာခိုင်နှုန်းထောက်ခံမှုရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြခဲ့ပြီး ခုံရုံးအနေဖြင့် ဝင်ရောက်စွက်ဖက်ရန်အကြောင်းမရှိသဖြင့် တင်သွင်းလွှာကို ပလပ်ကြောင်း အမိန့် ချမှတ်ခဲ့သော်လည်း တန်ဖိုးရှိသော သက်သေအထောက်အထားများကို ရရှိခဲ့သဖြင့် ယခုကဲ့သို့ လက်ရှိအစိုးရလက်ထက်တွင် နေပြည်တော်သို့ သွားရောက်ပြီး ဆက်လက်တင်ပြနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်ဒွဲဘူက ရှင်းပြပြောဆိုသည်။

နေပြည်တော်သွားရောက်ခဲ့သည့် ကော်မတီဝင်များက ၎င်းတို့ ဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားမနောင်ကွင်းတွင် သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
“ကချင်ဆိုတာ ဂျိန်းဖောတစ်ခုပဲဖြစ်တယ်။ ကျန်လူမျိုးတွေက ကချင်မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က သတ်မှတ်ထားချက်ကို မှားယွင်းနေတယ် ဆိုတဲ့အကြောင်းကို ကချင်မျိုးနွယ်အားလုံးသွားပြီးမှ ပြောဆိုတင်ပြခြင်းဖြစ်ပါတယ်။ ကချင်ဆိုတာ ဂျိန်းဖောပဲဖြစ်တယ်ဆိုရင် ကျန်တဲ့ မောင်နှမတွေက ဘယ်အထဲမှာရောက်သွားမလဲ၊ အဲ့ဒါတွေက အင်မတန်စိုးရိမ်စရာ ဖြစ်လာပါတယ်”ဟုလည်း ဒေါ်ဒွဲဘူက ပြောသည်။
ယခုကိစ္စများ စတင်လုပ်ဆောင်သည့်အချိန်က အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ လုပ်ပိုင်ခွင့်တွင် ထောက်ခံသူ ၁၀ ရာခိုင်နှုန်း လက်မှတ်ရရန်အတွက်ပင် အလွန်ခက်ခဲခဲ့ကြောင်း မိမိလူမျိုးကပင် လက်မှတ်ရေးထိုးပေးခဲ့ခြင်း မရှိခဲ့ကြောင်း ဒေါ်ဒွဲဘူကပြောသည်။
“ဒီအခြေအနေဟာ အခုအဆုံးဖြစ်ပြီလားဆိုရင် အခုမှအစပဲရှိပါသေးတယ်။ ကျွန်မတို့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒီကိစ္စကို ၂၀၁၂ ကနေစခဲ့တာပါ။ ကျွန်မဒါကိုစပြီးမှားနေပြီလို့သိတာကတော့ ၂၀၁၀ ရွေးကောက်ပွဲ နယ်မြေတွေသတ်မှတ်ကတည်းက ဖြစ်ပါတယ်။ ရွေးကောက်ပွဲ နယ်မြေတွေ သတ်မှတ်လိုက်တဲ့အခါမှာ ကချင်ပြည်နယ်က လီဆူနဲ့ ရဝမ်ကို ရေးရာဝန်ကြီး ရွေးချယ်ရန် မဲဆန္ဒနယ် သတ်မှတ်ထားလိုက်တဲ့အခါ ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေပြီဆိုတာ နံပါတ်တစ် အချက်အနေနဲ့ သိရပါတယ်။ နံပါတ် ၂ အချက်ကတော့ ဖွဲ့စည်းပုံအရ ပြည်နယ်ရရှိပြီးသောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း မရတဲ့ အခြားလူမျိုးတွေကိုမှ ရေးရာဝန်ကြီးပေးတဲ့အတွက် ကျွန်မတို့ ကချင်ထဲမှာရှိနေတဲ့ မောင်နှမတွေဟာ တစ်ကွဲတပြားဖြစ်နေပြီဆိုတာသိတဲ့အတွက် ဒီလုပ်ငန်းကို ၂၀၁၂ မှာ စလုပ်ခြင်းဖြစ်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူကပြောသည်။

ထိုစဉ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လက်မှတ်ဖြင့် တင်နိုင်ခဲ့ပြီး ကချင်လူမျိုးမဟုတ်သည့် အခြားသော တိုင်းရင်းသားများစွာ၏ ကချင်အရေးနဲ့ ပတ်သက်၍ လက်မှတ်ထိုးပေးမှုများ ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
၂၀၀၃ ခုနှစ် ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့် ဂျိန်းဖောကိုပေါင်း၍ ဂျိန်းဖောဟု သတ်မှတ်ထားပြီ ဂျိန်းဖောလူမျိုးများသည် ပြည်နယ်ရရှိထားသည့် လူမျိုးများဖြစ်ကာ ကျန်လူမျိုးများမှာ ပြည်နယ်လည်းမရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမရရှိသည့် လူမျိုးများဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအရ ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်း (၅၀၀၀၀)ကျော်ရှိလျင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရပိုင်ခွင့်ရှိသည်။ ကချင်ပြည်နယ်တွင် ရောက်ရှိနေသည့် ဗမာနှင့်ရှမ်းတိုင်းရင်းသားတို့ အရေအတွက်မှာ ၅ သောင်းစီထက် ကျော်လွန်နေ၍ ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခဲ့သည်။ ကချင်လူမျိူးများထဲမှ ရဝမ်နှင့် လီဆူမျိုးနွယ်တို့သည် ကချင်ပြည်နယ်ရရှိထားသည့် လူမျိုးများဖြစ်ပါလျက် လက်ရှိတွင် ရေးရာဝန်ကြီးများ ရရှိနေကြသည်ဟုလည်း ဒေါ်ဒွဲဘူကရှင်းပြပြောဆိုသည်။

“ဂျိန်းဖော လူမျိုးတွေဟာ ပြည်နယ်ရရှိထားတဲ့လူမျိုး ဖြစ်တယ်။ ကျန်လူမျိုးတွေကတော့ ပြည်နယ်လည်း မရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း မရတဲ့လူမျိုးတွေဖြစ်တဲ့အတွက် ဝ.၁ ရာခိုင်နှုန်း လက်ရှိ အချိန်မှာ ၅သောင်းကျော်ရင် ရေးရာဝန်ကြီးပေးမယ်ဆိုပြီးမှ လက်ရှိ ၅သောင်းကျော်တဲ့ ကျွန်မတို့ ညီအစ်ကိုတွေဖြစ်တဲ့ လီဆူနဲ့ရဝမ်ကို ရေးရာဝန်ကြီးပေးပါတယ်ဆိုပြီးမှ UEC က ပြောပါတယ်။ မူလဥပမာပြောရရင် ကျွန်မတို့ဟာ အိမ်ကြီးတစ်အိမ်မှာ အတူနေထိုင်လာတဲ့မောင်နှမထဲမှာ ဂျိန်းဖောပဲ ဒီအိမ်မှာကျန်ခဲ့ပြီး ကျန်တဲ့လူကဒီအိမ်နဲ့ မဆိုင်ဘူးလို့ပြောတဲ့သဘောဆိုတာ တိတိကျကျကျွန်မတို့ ရရှိခဲ့ပါတယ်”ဟု ဒေါ်ဒွဲဘူက ပြောသည်။

၂၀၀၃ ခုနှစ်ရှိ ခန့်မှန်းစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကိုပေါင်း၍ ဂျိန်းဖောဟု သတ်မှတ်ခဲ့ခြင်းအပေါ် အဘယ်ကြောင့် သတ်မှတ်ခဲ့ကြောင်း၊ ထိုသို့သတ်မှတ်ရာတွင် ကချင်တိုင်းရင်းသား မျိုးနွယ်အားလုံး၏ သဘောတူညီမှုရယူခဲ့ပါသလားဟူ၍ မေးခွန်း ၂ အနေဖြင့်လည်းကောင်း၊ မေးခွန်း ၄ အနေဖြင့် ၁၉၅၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အထူးအမိန့်ပြန်တမ်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁-၁၀-၂၀၀၃ ရက်နေ့ ရက်စွဲပါ လမ်းညွှန်ချက်သည် မည်သည်က ပိုမို၍ အာဏာသက်ရောက်မှုရှိသနည်းဆိုသည့် မေးခွန်းတို့ကို အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ငြိမ်း) ဒေါ်ဒွဲဘူက ၂၀၁၄ ခုနှစ်စက်တင်ဘာလက လွှတ်တော်တွင် မေးမြန်းခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းမြင့်က “၂၀၀၃ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှာရှိသော ခန့်မှန်းလူဦးရေစာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကိုပေါင်းပြီးတော့မှ ဂျိန်းဖောဟုဖော်ပြခဲ့ခြင်းမှာ ကချင်ပြည်နယ်ဆိုင်ရာ အထောက်အထားများမှာ ဂျိန်းဖော(ခ)ကချင်လူမျိုးများဟု ဖော်ပြထားပြီးတော့မှ ကချင်တို့၏မူလအမည်မှာ ဂျိန်းဖောဖြစ်သည်ဟု ဆိုထားကြောင်း တွေ့ရှိရပါတယ်။ ကိုးကားစာရင်းများဖြစ်တဲ့ ကချင်ပြည်နယ်မှတ်တမ်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ ဗဟိုကော်မတီဌာချုပ် ၁၉၈၅၊ ကချင်ပြည်နယ်သမိုင်း(ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်း HRC :X/13AP/1922 တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ (ကချင်)၊မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ရန်ကုန်စာပေဗိမာန်ပုံနှိပ်တိုက် ၁၉၆၇ တို့မှာ ဂျိန်းဖောကို ကချင်ဟု ဖော်ပြထားသဖြင့် ၂၀၀၃ ခုနှစ်၊ ခန့်မှန်းလူဦးရေ စာအုပ်တွင် ကချင်နှင့်ဂျိန်းဖောကို ပေါင်း၍ ဂျိန်းဖောဟု ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိပါကြောင်း”နှင့် မေးခွန်း ၄ အပေါ်တွင်မှု “အာဏာသက်ရောက်မှုရှိသည်ဆိုသောအချက်မှာတော့ နှိုင်းယှဉ်ရန်ပင် မသင့်တော်ကြောင်းကိစ္စ ဖြစ်ပါတယ်”ဟူ၍ ပြန်လည် ဖြေကြားခဲ့သည်။

ယခုကဲ့သို့ ကချင်အုပ်စုတွင် ဂျိန်းဖောလူမျိုးတစ်ခုတည်းသာ ထည့်သွင်းထားခြင်းကြောင့် မိမိတို့ မျိုးနွယ်များအကြား သံသယများ၊ ပြဿနာများ များစွာဖြစ်ပွားခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းပြုလုပ်သည့် အချိန်တွင်လည်း ပြဿနာများစွာ ဖြစ်ပွားခဲ့သည်ဟု ဒေါ်ဒွဲဘူက ပြောသည်။
လက်ရှိ အခြေခံထားသော မျိုးနွယ် ၆ မျိုးမှ ခေါင်းဆောင်များက ဦးဆောင်ကာ ကချင်လူမျိုးသည် မျိုးနွယ်မည်မျှရှိကြောင်း၊ မည်သို့ခေါ်ဆိုမည်ဖြစ်ကြောင်းတို့ကို မျိုးနွယ်အသီးသီးကအားလုံး ပြန်လည်ဆွေးနွေးသုံးသပ်ကာ ကချင်မျိုးနွယ်စုအမှန်ကို တင်ပြသွားမည်ဟုလည်း ဒေါ်ဒွဲဘူက ထပ်မံပြောဆိုသည်။

“မှားတာကို မှားပြီလို့ သွားရောက်တင်ပြခွင့် ရခဲ့ပါတယ်။မှားတာကိုမှားတယ်လို့ မတင်ပြရင် မတင်ပြတဲ့သူရဲ့တာဝန်ဖြစ်ပါတယ်။ တင်ပြပြီးတော့ အမှန်ကိုမလုပ်ရင်တော့ မလုပ်တဲ့သူရဲ့တာဝန် ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး ဆောင်ရွက်သွားမယ်။ တချို့ကလည်းပြောတယ် ကိုယ့်အဖွဲ့ထဲမှာပဲ လုပ်ပါ မှန်ပါတယ်။ ရှေ့ဆက်ရမယ့်ဟာ အများကြီးရှိပါတယ်။ ကချင်ဆိုတာ ဂျိန်းဖောတစ်ခုတည်း မဟုတ်ဘူးဆိုတာ တင်ပြခဲ့ပြီးတဲ့ နောက်မှာ ကချင်ဆိုတာဘယ်သူတွေလဲ၊ ကချင်ဘယ်နှဖွဲ့လဲဆိုတာ ဆက်လက်ဆွေးနွေးအတည်ပြုသွားကြရမှာ ဖြစ်ပါတယ်။ အခုကတော့ အခြေခံအနေနဲ့၆ မျိုးရှိပါတယ်”ဟု ဒေါ်ဒွဲဘူက ပြောသည်။

နိုင်ငံတော် သမ္မတက ၁၉၅၅ ခုနှစ်တွင် ၆ မျိုး ဆိုပြီးထုတ်ပြန်ခဲ့ကြောင်း၊ ၁၉၈၃ သန်းခေါင်စာရင်းတွင် ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖော့၊ ဂေါ်ရီ၊ ခခူး၊ ဒူလန်း၊ မရူ(လော်ဝေါ်)၊ ရဝမ်၊ လရှီ၊ အဇီး၊ လီဆူဟူ၍ ၁၂ မျိုး ဖြစ်နေပြန်ကြောင်း၊ ၂၀၀၃ ခုနှစ်က ပြန်လည်စစ်တမ်းကောက်ရာတွင် ကချင်အမျိုးပေါင်း ၉ မျိုး ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ရန်လိုနေကြောင်း ဒေါ်ဒွဲဘူက ရှင်းပြသည်။

“မိမိတို့ကိုယ်တိုင် ပြန်လည်သုံးသပ်ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ကိုယ့်ရဲ့ လူမျိုးစုအလိုက်မှာ ဆွေးနွေးဆုံးဖြတ်ပြီးမှ ငါတို့လူမျိုးစုကတော့ ဒီလိုဖြစ်စေချင်တယ်ဆိုတဲ့ ကဏ္ဍတွေကို ရှေ့ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ကချင်ဆိုတာ ဒီလိုလူမျိုးတွေဖြစ်ပါတယ် ဆိုတာကို အားလုံး ဆုံးဖြတ်အတည်ပြုပြီးမှ ပြည်ထောင်စုမှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ တာဝန်ရှိသူတွေကို ပေးပို့ရမှာဖြစ်တယ်”ဟု ဒေါ်ဒွဲဘူက ပြောသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မျိုးနွယ် တစ်ဖွဲ့စီတိုင်းမှ တစ်ဦးချင်းစီက မိမိတို့၏ဆန္ဒကို ထုတ်ဖော်ခဲ့သလို ဆက်လက်ပြီး ကချင်တိုင်းရင်းသားမျိုးနွယ်များအတွက် ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဟုလည်း ဇိုင်ဝါးစာပေနဲ့ယဉ်ကျေးမှု အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးလနူးက ပြောသည်။
“ဒီအဖြေ မထွက်မချင်းလည်း ကချင်မျိုးနွယ်အားလုံးစုပေါင်းပြီး ပြန်လည်စုစည်းတဲ့အင်အားနဲ့ မဖြစ်မနေဆက်လက်ကြိုးစားပြီး ဆောင်ရွက်သွားမယ်။ ဒီကနေ အားလုံးရှေ့မှာ ဇိုင်ဝါးစာပေနဲ့ယဉ်ကျေးမှု အဖွဲ့ရဲ့ကိုယ်စား တင်ပြလိုပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယခုကဲ့သို့သော ကိစ္စသည် လူမျိုးနှင့်ဆိုင်သည့်၊ မျိုးနွယ်နှင့်ဆိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် ယခုကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် အလေးထား ဆွေးနွေးရန်လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးအားဖူရီလီမီက အကြံပြုပြောကြားခဲ့သည်။

“လီဆူရေးရာဝန်ကြီး ပေးတဲ့အချိန်မှာ အစ်မကြီးဒေါ်ဒွဲဘူက မပေးရပါဘူးလို့ ပြောတဲ့အချိန်မှာ ဥပဒေအကြောင်းကို ကျွန်တော်တို့ နားမလည်ခဲ့တဲ့အတွက် အစ်မကြီးကို အရမ်းမုန်းခဲ့သေးတယ်။ ဒါကို ရိုးသားစွာ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ဥပဒေအကြောင်းကိ နားမလည်ခဲ့ဘူး။ အခုလိုရှင်းပြတော့ တချို့သောဟာတွေက ရှင်းရှင်းလင်းလင်းဖြစ်လာပါပြီ…လို့မြင်ရပါတယ်။ သို့ပေမယ့် လည်း ကျွန်တော်တစ်ယောက်တည်းရှင်းရုံနဲ့ မပြီးသေးပါဘူး။ ကျွန်တော်တို့နောက်မှာရှိနေတဲ့ လီဆူလူမျိုး သိန်းကျော်ရှိတဲ့သူတွေလည်း ရှင်းဖို့လိုတယ်။ ထိုနည်းတူစွာပဲ ကချင်မျိုးနွယ် ၆ မျိုးလုံး အားလုံး ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ဒါကို ပြောချင်ပါတယ်”ဟု ဦးအားဖူရီလီမီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မျိုးနွယ်အချင်းချင်းကြားတွင် ပြန်လည် စုဝေးဆုံးဖြတ်ကာ ဆွေးနွေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ဂျိန်းဖောမျိုးနွယ်များကလည်း ဂျိန်းဖောအမည်ကို ဘုံထားမည်ဆိုပါက မိမိတို့နာမည်ကို စဉ်းစားသင့်ကြောင်း၊ လူမျိုးနွယ်တစ်ခုအနေဖြင့် ဂျိန်းဖောကို သတ်မှတ်မည်ဆိုပါက ဘုံအမည်ကို မည်ကဲ့သို့ထားမည်ဆိုသည်ကို ပြန်လည်စေ့စပ်ညှိနှိုင်းရမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ထပ်မံပြောဆိုသည်။
“ကျွန်မတို့ မိသားစုထဲမှာ စိုးရိမ်ချက်တွေ ရှိနေတယ်။ ဂျိန်းဖောတွေကလည်း ပြောတယ်။ မျိုးနွယ်စု အားလုံးကို ဂျိန်းဖောလို ပြန်ယူထားတယ် ပြောတယ်။ သို့သော် ဂျိန်းဖောက ဘုံအမည်ရော မျိုးနွယ်အမည်ပါ ယူထားမယ်ဆိုရင် ထမင်းထုပ် ၂ ထုပ်စားသလိုဖြစ်နေမှာဖြစ်တဲ့အတွက် ဂျိန်းဖောတွေကလည်း ပြန်လည် ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်”ဟု ထပ်မံပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း ၁၉၈၃ ခုနှစ် လူမျိုးစုစာရင်းကို အခြေခံ၍ ဆောင်ရွက်ထားသည့်အတွက် တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုများနှင့် ပတ်သက်၍ ထွက်ရှိလာသည့် စာရင်းများအရ လူမျိုးစုအမည်၊ သတ်ပုံသတ်ညွန်းမှားနေခြင်း၊ လူမျိုးစုအမည်သစ် ထပ်မံတိုးထားခြင်းနှင့် အချို့ ပျောက်ကွယ်သွားခြင်းများအပေါ် မူတည်၍ တိုင်းရင်းသားလူမျိုးစုများထံမှ အကြံပြုချက်၊ ပူးပေါင်းဆောင်ရွက်ချက်များ ရယူပြီး ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်က လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့စဉ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားထားသည်။

ရေးရာဝန်ကြီးနေရာကို ယူထားသည့် လူမျိုးများသည် ဧည့်လူမျိုးစာရင်းဝင်ဖြစ်၍ အခြားတိုင်း(သို့) ပြည်နယ်တွင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခွင့်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။
လက်ရှိ ကချင်မျိုးနွယ်တွင် ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လာချိဒ် ဟူသော ၆ မျိုးကို ဒေသခံတိုင်းရင်းသားများက လက်ခံထားကြသော်လည်း ဧည့်တိုင်းရင်းသားများဖြစ်သည့် ဗမာ၊ ရှမ်းတို့အပြင် လီဆူနှင့် ရဝမ်တိုင်းရင်းသားများကို ရေးရာဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ထားသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here