မေ ၂၂
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ ရိက္ခာသယ် သင်္ဘော (၃) စီးအား လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်များအနေဖြင့် ကသာမြို့ မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများအား မီးရှို့ ဖျက်ဆီး နေခြင်း ကြောင့် အနီးနားရှိ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
လက်ရှိချိန် စစ်ကောင်စီ၏ ရိက္ခာသယ် သင်္ဘော (၃) စီးမှာ ကသာမြို့တွင်း ရောက်ရှိနေပြီး စစ်ကောင်စီဘက်မှ ကုန်းလမ်းတစ်လျှောက်တွင်လည်း လုံခြုံရေးအများအပြား ချထားကြောင်းနှင့် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
“ ကသာအောက်မှာရှိတဲ့ အင်းရွာကို မီးရှို့ထားတယ်လို့ ကြားတော့ ဒီဘက် ကရွာတွေတော့ ပြေးနေကြပြီ။ သင်္ဘောကတော့ ကသာကနေ မထွက်လာသေးဘူး။ သူတို့ကို Defence လုပ်တဲ့ ရွာတွေဆိုလို့ရှိရင် ပစ်လေ့ ပစ်ထ ရှိတယ်။ ပြီးတဲ့ခါကျတော့ ဒီဘက်ရွာကို ပစ်တယ်ဆိုလို့ရှိရင် ဒီဘက်ရွာကို ရှို့ပြီး ဟိုဘက်ရွာကို လက်နက်ကြီးနဲ့ ပစ်တာ။ ” ဟု ဒေသခံက ဆိုသည်။
ကသာမြို့အောက်ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီဘက်မှ မီးရှို့ ဖျက်ဆီးခြင်းများ၊ လက်နက်ကြီးများဖြင့် ရွာတွင်း သင်္ဘောပေါ်မှ ပစ်ခတ်ခြင်းများ ရှိသောကြောင့် ရွှေကူမြို့ အရှေ့ဘက်ခြမ်း မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ (၁၅) ရွာခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။
“နှစ်ဦးနှစ်ဖက် ပစ်သည် ဖြစ်စေ မပစ်သည် ဖြစ်စေ သင်္ဘောကတော့ ပစ်နေတာပဲလေ။ အဲ့ဒီတော့ ကမ်းနားက ရွာတွေက သင်္ဘောဆိုတာနဲ့ ရှောင်နေကြပြီ အကုန်လုံး။ သူတို့ မသင်္ကာရင် မသင်္ကာသလို ပစ်တယ်။ ” ဟု ဒေသခံက ဆိုသည်။
ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့တွင် စစ်ကောင်စီဘက်မှ ကသာမြို့ အောက်ဘက်ရှိ အင်းရွာကို မီးရှို့ ဖျက်ဆီးခဲ့ကာ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။







