မေ၊၂၃
ကသာမြို့ နှင့် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများကို မည်သည့် ကျေးရွာမှ ပစ်ခတ်သံကြားရသည်ဖြစ်စေ ကျေးရွာကို မီးရှို့ ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
ဒေသခံများအနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကြောင့် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) ရွာနှင့် ကသာမြို့ အထက်ဘက်ရှိ ကျေးရွာ တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
“ လက်နက်ကိုင်တွေကတော့ ရွာထဲကနေတော့ လာမပစ်ကြပါဘူး။ ရွာနားနီးစပ်တွေ ရွာနဲ့ တော်တော်ဝေးတဲ့ နေရာတွေကနေ ပစ်တာပါ့အေ။ ဘယ်ရွာက ပစ်ပစ် မီးရှို့မှာပဲဆိုတဲ့ အသံတွေကတော့ ကျောက်ကြီးမှာလည်း ထွက်တယ်။ ကသာကလည်း ထွက်တာပဲ။ အဲဒီလို ခြိမ်းခြောက်တာပဲ။ ” ဟု ဒေသခံက ဆိုသည်။
ဒါ့အပြင် စစ်ကောင်စီ၏ ရိက္ခာသယ် သေင်္ဘာ (၃) စီးအား လုံခြုံရေးယူပေးသည့် စစ်ကောင်စီ စစ်ကြောင်း (၂) ကြောင်းမှာ ကသာမြို့နယ်အတွင်းမှ ထွက်ခွာလာပြီဖြစ်ကြောင်းနှင့် လုံခြုံရေးယူပေးသည့် စစ်ကောင်စီ စစ်ကြောင်းအား လက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့မှ ကသာမြို့ အထက်ဘက်ရှိ မဲဟင်းတွင် မေလ (၂၃) ရက်နေ့ ညနေပိုင်း (၃) နာရီအချိန်လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသခံက ဆက်လက်ပြောသည်။
“ထိတွေ့မှုဖြစ်တယ် အသံတွေ ကြားနေရတယ်။ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ကသာ နဲ့ ကချင်ပြည်နယ် နယ်စပ်ကိုကျတော့လည်း မိုးသား၊ ချောင်းဝတို့ထိ လုံခြုံရေးယူတယ်။ ရွှေကူ နယ်စပ်ကနေ ရွှေကူထိလည်း လုံခြုံရေး ယူတယ်” ဟု ဒေသခံက ဆိုသည်။
ကသာအထက်ဘက်တွင် ကျောင်းသားတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ အများပိုင်း လှုပ်ရှားလေ့ရှိသည်။







