ဇူလိုင် ၆
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာလအတွင်း ယာယီပိတ်သိမ်းခဲ့ရသည့် မြစ်ကြီးနားမြို့ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံမှ အာမခံ အလုပ်သမားများ လူမှုဒုက္ခမရောက်စေရန်အတွက် ပိတ်ရက်များကို ပြန်လည်တွက်ချက်ပြီး အကျိုးခံစားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့် ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့က မြစ်ကြီးနားမြို့နယ်လူမှုဖူလုံရေးရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိတွင် အလုပ်သမားဌာနနဲ့ကျန်းမာရေးဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံများ ဆက်လက် လည်ပတ်ခွင့်ပြုဖို့ ကျန်းမာရေးသတ်မှတ်ချက်နဲ့ ညီ၊မညီ စစ်ဆေးပြီး အချို့ စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နေပြီ ဖြစ်တယ်”ဟု ကချင်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံ ဦးမိုးကျော်မြင့်က ပြောသည်။
“Covid-19 ရောဂါကာကွယ်ရေးအတွက် အလုပ်သမားဌာနနဲ့ ကျန်းမာရေးဌာနက စက်ရုံ၊ အလုပ်ရုံတွေကို ဆက်လက်လည်ပတ်ခွင့်ပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်နဲ့ ညီမညီစစ်ဆေးစဉ်ကာလမှာ ခေတ္တ၊ ယာယီပိတ်ထားရတယ်။ စစ်ဆေးစဉ်ကာလအတွင်း ယာယီပိတ်ရတဲ့ အလုပ်သမားတွေ လုပ်ခ၊ လစာမရတဲ့အချိန်မှာ လူမှုဒုက္ခမရောက်အောင် လူမှုဖူလုံရေးက အာမခံအလုပ်သမားတွေကို သူတို့ထည့်ဝင်ထားတဲ့ လစာငွေနဲ့ (၄၀)ရာခိုင်နှုန်းကို ယာယီပိတ်ထားရတဲ့ ရက်အသီးသီးကို တွက်ချက်ပြီးထုတ်ပေးတာ”ဟု ဦးမိုးကျော်မြင့်က ရှင်းပြသည်။
လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်တောင်းခံသော စက်ရုံ၊ အလုပ်ရုံ (၆၀)ကျော် ရှိတဲ့အနက်မှ (၂၀)ကျော် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး၊ ကျန်ရှိနေသေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေအတွက်လည်း လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြစ်ကြီးနား မြို့ပေါ်တွင် ယနေ့အချိန်အထိစက်ရုံ၊ အလုပ်ရုံများတွင် ပြည်သူပိုင် (၄၀)ခု၊ သမ(၃)ဌာန၊ ပုဂ္ဂလိက (၂၇၈)ဌာန၊ မိမိဆန္ဒအလျောက် မှတ်ပုံ တင်ထားသည့် ဌာန(၄)ဌာနနှင့် အာမခံအလုပ်သမား (၃၃၃၂)ဦး ရှိကြောင်း သိရသည်။
Benadeth ၊ အက်စတာ







